ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတက အရေးပေါ် အခြေအနေ ထုတ်ပြန်

ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတက အရေးပေါ် အခြေအနေ ထုတ်ပြန်

မေ ၁၄ ။            ။ စီးပွားရေးပိုင်း ယိုးယွင်းပျက်စီးနေမှုနှင့်အတူ နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်လာနေသည့် ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတ နီကိုလပ်စ် မာဒူရိုက ရက်ခြောက်ဆယ်   နိုင်ငံတော်အရေးပေါ် အခြေအနေတစ်ရပ်ကို မေလ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။  

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် နိုင်ငံတွင်းမှ ၎င်းအား ရာထူးမှ ဖြုတ်ချရန် ကြံစည်လာနိုင်မှုများနှင့် ၎င်း၏ လက်ဝဲယိမ်းအစိုးရကို အမေရိကန်နိုင်ငံကပါ ဝင်ရောက်စွက်ဖက် ဖြုတ်ချနိုင်သည့်အခြေအနေများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ သမ္မတ မာဒူရိုက နိုင်ငံတော်အရေးပေါ် ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခု ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အသေးစိတ်အချက်များကို မာဒူရိုက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အိုပက်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော ဗင်နီဇွဲလားတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေးပိုင်း ဆိုးရွားယိုယွင်းလာသည့်အခြေအနေများအပေါ် လွန်စွာ စိုးရိမ်ပူပန်လာမိနေကြောင်း နှင့် လက်ရှိအခြေအနေအရ သမ္မတ မာဒူရိုအနေနဲ့ ၎င်း၏ ရာထူးသက်တမ်း ကုန်သည်အထိ ဆက်လက်တာဝန်ယူရနိုင်ဖွယ် မရှိကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိများက မေလ ၁၃ ရက်တွင် ပြောကြားထားခဲ့သည်။

အလားတူ နိုင်ငံတွင် ပြည်သူလူထုအကြား ထောက်ခံမှု ကျဆင်းလာနေသော အသက် ၅၃ နှစ်ရှိ မာဒူရိုအား ရာထူးမှ ဖယ်ရှားနိုင်ရန် ဗင်နီဇွဲလား အတိုက်အခံများဘက်ကလည်း ကြိုးပမ်းလာနေပြီဖြစ်သည်။ ယင်းနိုင်ငံတွင် လက်ရှိအခြေအနေများအရ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ရှားပါးပြတ်လပ်နေမှု၊ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှု၊ မကြာခဏဆိုသလို လုယက်မှုများ ဖြစ်ပေါ်နေမှု၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှု စသည့် ဆိုးရွားသည့်အကျပ်အတည်းများ နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

သို့ရာတွင်မူ လက်ရှိအခြေအနေများအကြား မိမိ၏ ရာထူးသက်တမ်း ကုန်ဆုံးသည်အထိ ဆုပ်ကိုင် ရယူထားဦးမည်ဖြစ်ကြောင်း သမ္မတ မာဒူရိုက အခိုင်အမာ ပြောကြားသွားခဲ့ပြီး မိမိအား ဖြုတ်ချနိုင်ရေးအတွက် အမေရိကန်နိုင်ငံကလည်း အတိုက်အခံများအား သွေးထိုးလှုံ့ဆော်ပေးနေသည်ဟု စွပ်စွဲပြောကြားသွားခဲ့သည်။ လက်တလော တွင် လက်ဝဲယိမ်း ဘရားဇီးသမ္မတမှာ စွပ်စွဲပြစ်တင်ခံနေရပြီဖြစ်သဖြင့် ယခုတစ်ကြိမ် မိမိအလှည့် ရောက်လာနိုင်သဖြင့် ယခုကဲ့သို့ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly