ဘိုကိုဟာရမ် စစ်သွေးကြွများအရေး ဆွေးနွေးမည့် နိုင်ငံတကာ ညီလာခံ တစ်ရပ် နိုင်ဂျီးရီးယားတွင် ကျင်းပ

ဘိုကိုဟာရမ် စစ်သွေးကြွများအရေး ဆွေးနွေးမည့် နိုင်ငံတကာ ညီလာခံ တစ်ရပ် နိုင်ဂျီးရီးယားတွင် ကျင်းပ

မေ ၁၄ ။            ။ အာဖရိက ဒေသတွင် အခြေစိုက်ကာ လှုပ်ရှားနေသည့် ဘိုကိုဟာရမ် အကြမ်းဖက် စစ်သွေးကြွများအား နှိမ်နင်းတိုက်ဖျက်နိုင်ရေး နှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံများမှ   ခေါင်းဆောင်များ မေလ ၁၄ ရက်၌ နိုင်ဂျီးရီးယားနိုင်ငံတွင် ဆွေးနွေးကြမည်ဖြစ်သည်။

စစ်သွေးကြွများကို နှိမ်နင်းရာတွင် ဒေသတွင်း နှင့် အနောက်အုပ်စု နိုင်ငံများအကြား စစ်ရေးပိုင်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး နှင့် အာဖရိကဒေသတွင်း ပဋိပက္ခများ၏ နောက်ဆက်တွဲ လူသားချင်းစာနာမှုအထောက်အပံ့များ ကူညီပေးရေး တို့ကို ယခုဆွေးနွေးပွဲတွင် ဆွေးနွေးကြမည်ဖြစ်သည်။

နိုင်ဂျီးရီးယားတွင် ကျင်းပသည့် ယခု ဆွေးနွေးပွဲသို့ ဒေသတွင်း နိုင်ငံများဖြစ်ကြသော ဘီနင်၊ ကင်မရွန်း၊ ချက်ဒ် နှင့် နိုင်ဂျာ နိုင်ငံတို့မှ ခေါင်းဆောင်များ အပါအဝင် ပြင်သစ် သမ္မတ ဟော်လန်ဒေး လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ အနောက်အာဖရိက၊ ဗဟိုအာဖရိက အုပ်စုဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဥရောပ သမဂ္ဂမှ ကိုယ်စားလှယ်များပါ ဖိတ်ကြားထားသည်။

ရာထူးသက်တမ်းမကုန်ဆုံးခင်အချိန်တွင် ဘိုကိုဟာရမ် စစ်သွေးကြွများကိုအမြစ်ဖျက် ချေမှုန်းသွားမည်ဟု ကြွေးကြော်ထားခဲ့သော နိုင်ဂျီးရီးယား သမ္မတ မူဟမ်မာဒူ ဘူဟာရီက ယခုအခါ ပြင်သစ် သမ္မတ ဟော်လန်ဒေး နှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

နိုင်ဂျီးရီးယားတွင် ကျင်းပသည့် ယခု နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲသည် ပြီးခဲ့သည့် နှစ် နှစ်အကြာက ပါရီမြို့တွင် ကျင်းပခဲ့သည့် အဆင့်မြင့် တွေ့ဆုံပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင်မူ အိုင်အက်စ်အုပ်စုကဲ့သို့ ကြမ်းတမ်းရက်စက်သည့်အကြမ်းဖက်မှုများကို လုပ်ဆောင်ထားသော ဘိုကိုဟာရမ်အုပ်စု၏ နိုင်ငံတွင်း၌ ခြေကုပ်ယူထားမှုကို နိုင်ဂျီးရီးယား စစ်တပ်က နိုင်ငံတကာနှင့် ပူးပေါင်း၍ နှိမ်နင်းချေမှုန်းနိုင်ရန် စီစဉ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly