တိုင်း နှင့် ပြည်နယ်မှ ထွေအုပ်ရုံး အုပ်ချုပ်ရေးမှူးများကို အပြောင်းအရွှေ့လုပ်

တိုင်း နှင့် ပြည်နယ်မှ ထွေအုပ်ရုံး အုပ်ချုပ်ရေးမှူးများကို အပြောင်းအရွှေ့လုပ်

ရန်ကုန်၊ မေ ၁၄ ။  ။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောင်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တိုင်း နှင့် ပြည်နယ်က အုပ်ချုပ်ရေးမှူး (အတွင်းရေးမှူး) ၇ ဦးအား အပြောင်းအရွှေ့လုပ်လိုက်ကြောင်း မေလ ၁၂ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းသို့ ပြောင်းရွေ့ တာဝန်ပေးမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမင်းရွှေက အကြောင်းစာရောက်ရှိ မလာသေးသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်လိုက်သည်ကို ကြားသိထားရကြောင်း အတည်ပြု ပြောကြားသည်။

"အမိန့်ထုတ်လိုက်တယ်လို့တော့ ပြောတယ်။ တရားဝင် စာတော့ မရောက်သေးဘူးပေါ့နော်။ ကျွန်တော့်ကို ကရင်ပြည်နယ်ကို ပြောင်းလိုက်တယ်လို့တော့ကြားတယ်။ ဒါပေမယ့် တရားဝင်စာရွက်စာတမ်းတော့ ရောက်မလာသေးဘူး"ဟု ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူး(အတွင်းရေးမှူး) ဦးမင်းရွှေက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် အုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ အုပ်ချုပ်ရေးမှူး (၇) ဦးအား ပြောင်းရွေ့တာဝန်ပေးလိုက်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ပြောင်းရွေ့ တာဝန်ပေးမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အုပ်ချပ်ရေးမှူး ဦးမြတ်ကျော်ကျော်ထံ ဆက်သွယ်မေးမြန်းရာတွင် ဦးမြတ်ကျော်ကျော်မှာ အစည်းဝေးထိုင်နေပြီး ယင်းအပြောင်းအရွေ့နှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် မသိရှိရသေးကြောင်း ရန်ကုန်တိုင်းအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေသည်။

ယင်းသို့ပြောင်းရွေ့ တာဝန်ပေးခံရသည့် တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူး ၇ဦးမှာ ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ကျော်အား စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့ကာ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်ဌေးကို ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့လိုက်သည်။ စစ်ကိုင်းတိုင်း အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်ကို ရှမ်းပြည်နယ်သို့လည်းကောင်း ပြောင်းရွှေ့ပြီး ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမင်းရွှေအား ကရင်ပြည်နယ်သို့ လည်းကောင်း၊ ချင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်အား မန္တလေးတိုင်း နှင့် မန္တလေးတိုင်းအုပ်ချုပ်ရေးမှူး ဦးဝင်းရှိန်အား တနင်္သာရီတိုင်းသို့ လည်းကောင်း တနင်္သာရီတိုင်းအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်ဦးအား တိုင်းဒေသကြီးဝန်ကြီးရုံးသို့ အသီးသီး ပြောင်းရွေ့ တာဝန်ထမ်းဆောင်စေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly