ကျွန်းစုမြို့နယ်က သစ်တောဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တားဆီခံရ

ကျွန်းစုမြို့နယ်က သစ်တောဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တားဆီခံရ
စိမ်းလန်းအမိမြေ ၊ သစ်တောနှင့်ပတ်သက်သည့်အလုပ်ရုံဆွေးနွေးပွဲကျင်းပစဉ်။ (ဓာတ်ပုံ- ညီညီ)

မြိတ်၊ မေ ၁၃ ။            ။ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြုလုပ်သည့် သစ်တောဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှူးက ဆက်မကျင်းပရန် တားမြစ်ခဲ့သည်။

ကျွန်းစုဆေးရုံအနီးတွင် အေးငြိမ်းသုခ ဓမ္မရိပ်သာတွင်ပြုလုပ်သည့် စိမ်းလန်း အမိမြေဖွံ့ဖြိုးတိုးတက်ရေး ( ALARM) အသင်း မေလ ၉၊ ၁၀ နှစ်ရက်တာ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို စတင်သည့် နေ့မှာပင် လာရောက် တားမြစ်ခဲ့ကြောင်း ALARM အသင်း၏ တနင်္သာရီဒေသ တာဝန်ခံ ဦးဝင်းစိုးက မဇ္ဈိမကို ပြောသည်။

“ဒီပွဲလေးက အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ သစ်တောနဲ့ပတ်သက်ပြီး ဘယ်လိုအခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုတာကို ဆွေးနွေးတဲ့ပွဲပါ။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ခွင့်ပြုပါတယ်။ ဒါပေမယ့် သစ်တောဌာနအနေနဲ့ ကျွန်တော်တို့ကို ဆက်လက်ကျင်းပဖို့ ခွင့်မပြုပဲ တားဆီးခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲ ခွင့်မပြုရသည့် အကြောင်းနှင့် ပတ်သက်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှူးက “ဒီ ALARM အဖွဲ့ရဲ့တာဝန်ရှိသူက လူမှုကွန်ရက်မှာရော၊ တိကျသေချာမှုမရှိတဲ့ သတင်းအချက်အလက်တွေနဲ့ရော နိုင်ငံတော်အစိုးရနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနကို ပြည်ပမှာရော၊ ပြည်တွင်းမှာပါ ထိခိုက်ပြောဆိုထားတာ ရှိပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်က ကျွန်တော်တို့ရုံးချုပ်ကို MOU လက်မှတ်ရေးထိုးဖို့ ဆန္ဒမရှိဘူးဆိုတာ တင်ပြထားတာရှိပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ အသင်းအဖွဲ့ နှင့် သစ်တောရေးရာဝန်ကြီးဌာနတို့ကြား MOU သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဆန္ဒမရှိကြောင်း အကြောင်းကြားစာကို သစ်တောဌာနသို့ ဇန်နဝါရီ ၇ရက်က ပို့ထားသည်ဟုလည်း သိရသည်။

ALARM ကမူ ယင်း အလုပ်ရုံဆွေးနွေးပွဲများသည် ဒေသခံလူထုအတွက် သစ်တောများထိန်းသိမ်းတတ်စေရန်၊ သစ်တော ဥပဒေများ၏ အကျိုးသက်ရောက်မှုကို သိရှိစေရန်၊ သဘာဝတော၊ ဒီရေတောများ ကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်ခြင်းက ကျွန်းစုအပေါ်နေထိုင်သူများအတွက် အထွေထွေဗဟုသုတများ ရရှိနိုင်ရန် အခွင့်အလမ်းနည်းပါးသွားနိုင်သည်ဟု (ALARM)အဖွဲ့၏ တာဝန်ရှိသူ ဦးဇော်မင်းသန့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly