အီတလီပြတိုက်မှ ခိုးယူခံထားရသည့် တန်ဖိုးကြီး ပန်ချီကားများကို ယူကရိန်း နယ်စပ်တွင် ပြန်လည်တွေ့ရှိ

အီတလီပြတိုက်မှ ခိုးယူခံထားရသည့် တန်ဖိုးကြီး ပန်ချီကားများကို ယူကရိန်း နယ်စပ်တွင် ပြန်လည်တွေ့ရှိ

မေ ၁၂ ။           ။ အီတလီ နိုင်ငံ ဗီရိုနာမြို့ ပြတိုက်တစ်ခုမှ ခိုးယူခံခဲ့ရသော ပန်ချီကား ၁၇ ချပ်ကို ယခုအခါ ယူကရိန်း နယ်ခြားစောင့်တပ်ဖွဲ့က ယူကရိန်းနှင့် မော်ဒိုဘာ နှစ်နိုင်ငံ နယ်စပ်တွင် ပြန်လည် တွေ့ရှိထားခဲ့သည်ဟု သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ ယခု တွေ့ရှိခဲ့ရသည့် ပန်ချီကားများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။

ယခုကဲ့သို့ ခိုးယူခံထားရသော တန်ဖိုးကြီး ပန်ချီလက်ရာများကို ပြန်လည် ရရှိခဲ့ခြင်းမှာ အံ့မခန်းစွမ်းဆောင်နိုင်မှုဟု ယူကရိန်းသမ္မတ ပီထရို ပေါ်ရိုရှန်ကိုက မေလ ၁၁ ရက်က ချီးကျူးပြောဆိုသွားခဲ့သည်။

အဆိုပါ ပန်ချီကားများကို ပြီးခဲ့သည့် နိုဝင်ဘာလက အီတလီနိုင်ငံ ဗီရိုနာမြို့ရှိ ကက်စတယ်ဗက်ချို ပြတိုက်မှ လက်နက်ကိုင်ဆောင်ထားသော မျက်နှာဖုံးစွပ် သုံးဦးက ဝင်ရောက်ခိုးယူသွားခြင်း ဖြစ်သည်။ ၎င်းတို့သည် အခင်းဖြစ်ပွားချိန်က ပြတိုက်လုံခြုံရေး နှင့်ငွေကိုင်ဝန်ထမ်းကို ကြိုးတုပ်ကာ လျင်မြန်စွာဖြင့် ပန်ချီကားများကို ယူဆောင်ထွက်ပြေးသွားနိုင်ခဲ့ကြသည်။

ပြီးခဲ့သည့်လကလည်း အီတလီအာဏာပိုင်များက ယင်းပန်ချီကားများနှင့်ပတ်သက်၍ သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ပြောကြားထားသော်လည်း ပန်ချီကားများကို ရှာဖွေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ယခုအခါတွင်မှ ယူကရိန်းနှင့် မော်ဒိုဘာ နယ်စပ် ဒီနက်စတာ မြစ်အနီး ကျွန်းငယ်တစ်ခုတွင် ပလက်စတစ်အိတ်ဖြင့် ဝှက်ထားသော ပန်းချီကားများကို ယူကရိန်းအာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly