၀ါရင့်ဂိုးသမား ဘတ်ဖွန်ကို ဂျူဗင်တပ်စ်အသင်း စာချုပ်သက်တမ်းတိုး

၀ါရင့်ဂိုးသမား ဘတ်ဖွန်ကို ဂျူဗင်တပ်စ်အသင်း စာချုပ်သက်တမ်းတိုး

မေ ၁၂၊ အီတလီ ။          ။ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် ဝါရင့်ဂိုးသမားကြီး ဘတ်ဖွန်ကို ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဘတ်ဖွန်သည် ၂၀၀၁ ခုနှစ်ကတည်းက ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိနေသူဖြစ်ပြီး တူရင်ကလပ်အသင်းကို ငါးနှစ်ဆက်တိုက် စီးရီးအေချန်ပီယံဖြစ်အောင် အဓိက နေရာမှ ကူညီပေးခဲ့သူ ဖြစ်သည်။

'ဂျူဗင်တပ်စ်အသင်းနဲ့ ကျွန်တော့်ရဲ့ အံ့အားသင့်ဖွယ်ရာကောင်းတဲ့ ပုံပြင်က အောင်မြင်မှုတွေနဲ့ ရှေ့ဆက်နေဦးမှာပါ' ဟု ဘတ်ဖွန်က ပြောသည်။ စာချုပ်သစ်အရ ဘတ်ဖွန်သည် ဂျူဗင်တပ်စ်အသင်းတွင် ၁၇ ရာသီ ကစားရမည် ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်း၏ သစ္စာရှိမှုအတွက် အတိုင်းထက်အလွန် ဂုဏ်ယူမိကြောင်းလည်း ဘတ်ဖွန်က ပြောသည်။ ဂျူဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း ၅၇၉ ပွဲ ပါဝင် ကစားထားသည့် ဘတ်ဖွန်သည် ယခုနှစ်ရာသီတွင် ၄၄ ပွဲပါဝင်ကစားပေးခဲ့ပြီး စီးရီးအေ၌ ၉၇၃ မိနစ်ဆက်တိုက် ဂိုးမပေးရသည့် စံချိန်သစ်လည်း တင်နိုင်ခဲ့သည်။

ဘတ်ဖွန်သည် ၂၀၀၁ ခုနှစ်က ပါးမားမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ဈေးအကြီးဆုံး ဂိုးသမားအဖြစ် စံချိန်တင်ထားဆဲ ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် အသက် ၃၅ နှစ်အရွယ်ရှိ နောက်ခံလူ ဘာဇာဂလီကိုလည်း ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်သည်။ ဂျူဗင်တပ်စ်အသင်းသည် တိုးတက်မှုအတွက် အကောင်းဆုံးနေရာဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly