ထူးကြီးမြို့ ဆီဆိုင် မီးလောင်မှုကြောင့် ဆီပေပါ ၂၀၀ခန့် လောင်ကျွမ်း

ထူးကြီးမြို့ ဆီဆိုင် မီးလောင်မှုကြောင့် ဆီပေပါ ၂၀၀ခန့် လောင်ကျွမ်း
(ဓါတ်ပုံ - မျိုးသီဟကျော်)

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ထူးကြီးမြို့တွင် မေ ၁၀ရက် ည ၁၁နာရီ ပတ်ဝန်းကျင်ခန့်က ဓါတ်ဆီဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် သုံးလုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။ 

"အိမ်မှာနေရင်း အဲ့ဒီက ပေပါတွေပေါက်တော့မှ သိတယ်။ ဆိုင်ကယ်တစ်စီး ဆီဖြည့်ရာကနေ ရှော့ဖြစ်ပြီး လောင်တာလို့ ပြောတယ်။ သူတို့ဆီမှာ ဆီဖြည့်တဲ့ဂေါက် ၃ခုနဲ့ ပေပါ ၂၀၀ နီးပါးလောက်ရှိတော့ အဲ့ဒါတွေလောင်ကုန်တာပေါ့။ " ဟု မီးလောင်ခဲ့သည့် အိမ်အနီးတွင် နေထိုင်သူ ကိုမျိုးသီဟကျော်က မဇ္ဈိမကို ပြောသည်။ 

မီးလောင်ကျွမ်းမှုကြောင့် ဆီဆိုင်နှင့်အတူ အိမ်စီးကားတစ်စီး၊ ဘေးကပ်လျက်ရှိ ဆိုင်ကယ်ပြင်ဆိုင် နှင့် နေအိမ်၊ ဘိလပ်မြေအရောင်းဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းခဲ့သည်ဟု ၎င်းက ပြောသည်။ 

"မီးကကြီးလွန်းတော့ အနားမကပ်နိုင်ပါဘူး။" ဟုလည်း ကိုမျိုးသီဟကျော်က ပြောသည်။ 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အနီးအနားရှိ မြို့နယ်များဖြစ်သော ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်မြို့နယ်တို့မှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ပြီး ည ၁၂နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly