လွှတ်တော်စကတည်းက တိုင်ကြားစာ သုံးလေးငါးရာ ရောက်နေပြီ

လွှတ်တော်စကတည်းက တိုင်ကြားစာ သုံးလေးငါးရာ ရောက်နေပြီ

မကွေးတိုင်းလွှတ်တော် တိုင်ကြားစာကော်မတီဥက္ကဋ္ဌ ဦးနေမျိုးကျော်နှင့် တွေ့ဆုံခြင်း

မကွေးတိုင်းလွှတ်တော်တွင် တိုင်ကြားစာကော်မတီကို ဖွဲ့စည်းထားပြီး ယင်းကော်မတီဖွဲ့စည်းပြီး နောက်ပိုင်း ကော်မတီသို့ ဦးတည်ကာ တိုင်ကြားစာ ၃၀ကျော် ရောက်ရှိထားသည်။ ကော်မတီမဖွဲ့မီ လွှတ်တော်သို့ တိုင်ကြားစာ ၅၀၀ ဝန်းကျင် ရောက်ရှိထားသည်။ ယင်းတိုင်ကြားစာများကို ကော်မတီက စိစစ်နေပြီး ဖြေရှင်းပေးနိုင်သည်များကို ဖြေရှင်းရန် ဆောင်ရွက်နေသည်ဟု သိရသည်။ တိုင်ကြားစာများကို အရေးယူဆောင်ရွက်သည့်အပိုင်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဦးနေမျိုးကျော်ကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားသည်။

မဇ္ဈိမ - မင်္ဂလာပါဆရာ။ ဆရာတို့ တိုင်ကြားစာကော်မတီ ဖွဲ့စည်းခဲ့ပြီးတဲ့နောက် လက်ရှိအနေအထားမှာ တိုင်ကြားတဲ့ အမှုတွေအတွက် ဘယ်လိုစီမံဆောင်ရွက်နေပါသလဲ။

ဦးနေမျိုးကျော်‬- ကျွန်တော်တို့ တိုင်ကြားစာကော်မတီဖွဲ့ပြီးတဲ့နောက်မှာ ပထမအကြိမ် ကော်မတီအစည်းအဝေးလုပ်ပြီး ဖြစ်တယ်။ အဓိကကတော့ တိုင်ကြားစာတွေကို လွှတ်တော်ကပဲ လက်ခံတယ်။ တိုင်ကြားစာ လက်ခံတဲ့ ဋ္ဌာနရှိတယ်။ လက်ခံပြီးတဲ့နောက် လွှတ်တော်ကနေ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ကျွန်တော့်ဆီကို ပြန်လွှဲပေးတယ်။ ကျွန်တော်ကပဲ စိစစ် သုံးသပ်ရတယ်။ တစ်ချို့တိုင်ကြားစာတွေကတော့ လွှတ်တော်ဥက္ကဋ္ဌတို့၊ ညွှန်ကြားရေးမှူးချုပ်တို့၊ ညွှန်ကြားရေးမှူးတို့၊ လက်ထောက်ညွှန်ကြားရေးမှူးတို့၊ ရုံးအဖွဲ့မှူးတို့ သူတို့ဖတ်ရှုပြီး လွှတ်တော်ဥက္ကဋ္ဌက ချပေးတဲ့ တိုင်ကြားစာတစ်ချို့လည်းရှိတယ်။ အဓိကကတော့ ကျွန်တော်တို့ကော်မတီကို တိုက်ရိုက်လိပ်မူတိုင်ကြားတယ်ဆိုရင် ကျွန်တော်တို့ကော်မတီကို အချိန်မြန်မြန်ဆန်ဆန်လေး လွှဲပေးတယ်။ ဒါကိုလည်း လွှတ်တော်က ကူညီထားပါတယ်။

မဇ္ဈိမ- ဟုတ်ကဲ့။ ဆရာတို့ ကော်မတီဆီကို ဘယ်လိုတိုင်စာတွေ အများဆုံး ရောက်သလဲ။ တိုင်စာတွေကို ဘယ်လိုစိစစ်ပြီး ပြည်သူတွေကို အကြောင်းပြန်သလဲ။

ဦးနေမျိုးကျော်- လတ်တလောအားဖြင့်ရောက်နေတဲ့ တိုင်ကြားစာအမျိုးအစားတွေကတော့ လယ်ယာမြေ အငြင်းပွားမှု၊အသိမ်းဆည်း ခံလယ်ယာမြေ ကိစ္စတွေ ဖြေရှင်းဖို့ရှိတယ်။ နောက်ပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးမှူးတွေရဲ့ ဂုဏ်သိက္ခာပိုင်းအရ သူတို့ကျေးရွာတွေမှာ အကျင့်စာရိတ္တပိုင်းအရ သူတို့မကြိုက်တာတွေ တိုင်ကြားတာတွေ ရှိသလို ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးခြယ်တာတွေရဲ့ မမျှတမှုတွေနဲ့ တိုင်ကြားတာတွေလည်း ရှိတယ်။နောက်တစ်ခုကတော့ ဋ္ဌာနတွေနဲ့ပတ်သက်တဲ့ တိုင်ကြားတာတွေလည်း ရှိတယ်။ ဥပမာ ပညာရေးဋ္ဌာနက ကိစ္စမျိုးတွေမှာ စာသင်ကျောင်းအဟောင်းတွေနဲ့ ပတ်သက်လို့ ပြန်ရောင်းချတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုမရှိတာ။ တာဝန်ယူမှု တာဝန်ခံမှု မရှိတာတွေပေါ့။ ဥပမာ စလင်းနယ်ဘက်က လင်းဇင်းရွာဘက်က ဆိုရင်ပေါ့။ လတ်တလောအားဖြင့် ဒီလို တိုင်ကြားစာ တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကော်မတီတာဝန်ယူပြီးမှ တိုင်ကြားစာ (၃၀)ကျော်လောက်ပဲ ရောက်ရှိသေးတယ်။ သို့သော်လည်းပဲ လွှတ်တော်စကတည်းက လွှတ်တော်မှာ တိုင်ကြားစာ သုံးလေးငါးရာ ရောက်နေပြီ။ အစောင်ရေ (၄၀၀)နဲ့(၅၀၀)ကြားမှာ ရှိတယ်။ တိုင်ကြားစာကော်မတီ လက်ခံပြီးတဲ့နောက်မှာ တိုင်ကြားစာ အစောင်(၃၀)ကျော်ကို စိစစ်နေတယ်။ ကျွန်တော်တို့ ကော်မတီတာဝန်မပေးခင် ရောက်နေတဲ့စာတွေနဲ့ပတ်သက်လို့ လွှတ်တော်ဥက္ကဋ္ဌက ချပေးတဲ့စာတွေကိုပဲ ဆက်ပြီး စစ်ဆေးနေတယ်။ ဘာလို့လဲဆိုတော့ တိုင်ကြားစာက ကျွန်တော်တို့ဋ္ဌာနတစ်ခုတည်းနဲ့ ဆိုင်တာမျိုး မဟုတ်တာရှိတယ်။ ဥပမာအားဖြင့် တစ်ခြားကော်မတီတွေနဲ့ ဆိုင်နေတာမျိုးတွေ ရှိနိုင်တယ်။ နောက်ပြီး ကော်မတီခေါင်းစဉ်တွေနဲ့ တိုင်တာတွေရှိနိုင်တယ်။ ကျွန်တော်တို့လုပ်နိုင်တဲ့ တာဝန်ဝတ္တရားအရ ခေါင်းစဉ်အရ ချထားပေးတဲ့ လွှတ်တော်ဥက္ကဋ္ဌက ချပေးတဲ့စာတွေကိုပဲ စစ်ဆေးနိုင်မယ်။ ဒီတိုင်ကြားစာတွေကို ဖတ်ရှုသုံးသပ်မယ်။ တစ်ချို့ သုံးသပ်မှုတွေကို လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကို တင်ပြမယ်။ ဒါပေမယ့်တစ်ချို့သုံးသပ်မှုတွေက အစီရင်ခံစာတင်ပြ ပြီးတော့မှ လွှတ်တော်ကတစ်ဆင့် အစိုးရကို ဆောင်ရွက်ခိုင်းတာမျိုးလုပ်မယ်။တစ်ချို့ဟာကတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက်၊ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာ တိုင်ကြားစာနဲ့ စပ်ဆက်နေတဲ့ဋ္ဌာနတွေ အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းတာတွေ လုပ်မယ်။ နောက်တစ်ချက်က အဲဒီလိုတိုက်တွန်းတာလုပ်တဲ့အခါမှာလည်း တရားဝင်နည်းလမ်းနဲ့ လွှတ်တော်နဲ့ အဲဒီသက်ဆိုင်ရာဋ္ဌာနနဲ့ ဆက်ဆံရေးနည်းလမ်းနဲ့ လုပ်မယ်။ နောက်တစ်ချက်က တိုင်ကြားသူတွေဆီကို ကျွန်တော်တို့ တိုင်ကြားစာကော်မတီက စာတွေနဲ့ အကြောင်းပြန်မယ်။ တိုင်ကြားစာတွေကို လက်ခံရရှိနေတယ်။ ဆောင်ရွက်နေတယ်ဆိုတာ ဘာတွေလုပ်နေတယ်ဆိုတာ၊ ဖြေရှင်းမှုအပိုင်းမှာ ဘယ်ဋ္ဌာနတွေကို အကြောင်းကြားပြီး ဖြစ်တယ်။ ဘယ်ကိစ္စတွေကတော့ တိုင်ကြားစာမှာ မပြီးပြည့်စုံတဲ့အတွက် ဘယ်လိုဆက်လက်တိုင်ကြားပါဆိုတာမျိုး။ နောက် တိုင်ကြားစာနဲ့ပတ်သက်ပြီး တုံ့ပြန်စရာမရှိဘူးဆိုလည်း မရှိပေါ့။

တစ်ချို့တိုင်ကြားစာတွေက အစိုးရအဖွဲ့နဲ့ဝန်ကြီးချုပ်တွေကို လိပ်မူပြီး ကျွန်တော်တို့ကို မိတ္တူပေးတာမျိုးတွေ ရှိတယ်။ ဒါတွေက ကျွန်တော်တို့ တိုက်ရိုက်ဖြေရှင်းရမှာ မဟုတ်ဘူး။သက်ဆိုင်ရာ အစိုးရကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့က အရေးကြီးမယ်လို့ထင်တယ်ဆို တိုက်တိုက်တွန်းတွန်း သက်ဆိုငိရာ ဝန်ကြီးဋ္ဌာန၊ သက်ဆိုင်ရာဋ္ဌာနကို တင်ပြဖို့ပဲ ဖြစ်တယ်။

မဇ္ဈိမ- တိုင်စာတွေမှာ အားနည်းချက်တွေရော တွေ့သလား။ 

ဦးနေမျိုးကျော် - ကျွန်တော်ပြောချင်တာက အခုလို ပွင့်လင်းလွတ်လပ်တဲ့အချိန်မှာ လူတွေရဲ့လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ကို အားပေးတဲ့ အခင်းအကျင်းမျိုးဖြစ်တဲ့အတွက် ပြည်သူတွေတိုင်ပါ။ တိုင်တဲ့နေရာမှာ ကျွန်တော်တို့ စာတွေအများစုကို ဖတ်ကြည့် တဲ့အခါ တိုင်ကြားစာတွေမှာ အကိုးအကားသက်သေ အထောက်အထား အားနည်းတာတွေကို တွေ့ရပြီးတော့ ပုဂ္ဂိုလ် ရေးခံစားမှု စိတ်ခံစားမှုများတဲ့ စာတွေလည်း တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ ပြည်သူတွေကတော့ ရင်ထဲမှာရှိတာကို ပြောကြပါစေ ပြောပါစေ။ ကျွန်တော်တို့တွေက အကြံဉာဏ်ပေးချင်တာ တိုင်ကြားသူတွေဟာ နံပါတ် (၁)ဖြစ်ပွားတဲ့အကြောင်းအရင်း၊ ဥပမာဆိုရင် ခင်ဗျားတို့သတင်းမှာဆိုရင် (ဘ)ခြောက်လုံးလိုတယ်။ဘယ်မှာ ဖြစ်တာလဲ ဘယ်အချိန်ကဖြစ်တာလဲ၊ဘာကြောင့်ဖြစ်တာလဲ၊ဖြစ်ပွားတဲ့အထဲမှာ ပါဝင်ပတ်သက်သူတွေ ဒါတွေပေါ့နော်။ပြည့်ပြည့် စုံစုံပြောနိုင်မယ်ဆိုရင် ပိုကောင်းသလို တိုင်ကြားသူကိုယ်တိုင်က ဘယ်လိုဆောင်ရွက်စေလိုပါတယ်ဆိုတဲ့ အကြံပြု ချက်တွေပါ ပါလာရင်တော့ ပိုကောင်းတာပေါ့။

မဇ္ဈိမ - တိုင်ကြားစာတွေအပေါ် ဆရာတို့ကော်မတီက ဘယ်လိုပုံစံနဲ့ ဆောင်ရွက်သလဲ။

‎နေမျိုးကျော်‬- ကျွန်တော်တို့တိုင်ကြားစာကော်မတီအနေနဲ့ ရောက်ရှိလာတဲ့တိုင်ကြားစာတွေကို ဖတ်နေပါတယ်။ဖတ်ပြီး တော့မှ တုံ့ပြန်တဲ့နေရာမှာ စောစောကပြောတဲ့တိုက်တွန်းရမယ့် အပိုင်းတွေရှိတယ်။ စာအကြောင်းပြန်မှာတွေရှိတယ်။ လွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ ဆောင်ရွက်တာတွေရှိတယ်။ စားပွဲပေါ်ချထားပြီး ဒါတွေကို မတုံ့ပြန်ပဲနေမှာ မပူပါနဲ့လို့။ တစ်ခု ချင်းတော့ ပြောမရဘူး။ ကျွန်တော်တို့တွေ တိုက်တိုက်တွန်းတွန်းနဲ့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။
ကော်မတီရဲ့ပထမကာလလေးအတွင်းမှာ တိုင်ကြားစာတွေဖတ်ရှုပြီး ဖြေရှင်းရမယ့်နည်းလမ်းတွေ ရွေးခြယ်ပြီးရင် ကျွန်တော်တို့ ကော်မတီက ကွင်းဆင်းရမယ့်အပိုင်းတွေ ရှိလာမယ်။ တစ်ချို့တိုင်စာတွေက စာနဲ့အကြောင်းပြန်လိုက်ရုံနဲ့ ရတယ်။ တစ်ချို့က သက်ဆိုင်ရာဝန်ကြီးဋ္ဌာနကို အကြောင်းကြားလိုက်ရုံနဲ့ ရတယ်။တစ်ချို့တိုင်စာတွေက ဝန်ကြီးဋ္ဌာနကို တိုက်ရိုက်တိုင်ပြီး ကျွန်တော်တို့ကို မိတ္တူပေးထားတဲ့အတွက် ဖြေရှင်းပေးရမှာ မဟုတ်ဘူး။ တစ်ချို့တိုင်ကြားစာတွေ အတွက် တိုင်ကြားသူရော အတိုင်ကြားခံရတဲ့ဋ္ဌာနတွေကိုရော ကွင်းဆင်းလေ့လာစုံစမ်းပြီးမှ ဘယ်လို ဆောင်ရွက်သင့် သလဲဆိုတာကို အုပ်ချုပ်ရေးအဖွဲ့အစည်းက ဖြေရှင်းမယ့်သူတွေကို ပြောသွားဖို့ ရှိတယ်။

နောက်တစ်ခု တိုင်ကြားသူတွေကို ပြောချင်တာက ကျွန်တော်တို့တိုင်ကြားစာကော်မတီဟာ လွှတ်တော်ဖြစ်တဲ့အတွက် သူနဲ့သက်ဆိုင်တဲ့ ဥပဒေပြုခွင့်အာဏာထဲကပဲ လုပ်ပိုင်ခွင့်ရှိတာဖြစ်တဲ့အတွက် အုပ်ချုပ်ရေး စဉ်းစားတဲ့နည်းနဲ့ အုပ်ချုပ်ရေး ပုံသဏ္ဍန်နဲ့တော့ တုံ့ပြန်လို့မရဘူး။ ဒါကို တိုင်ကြားသူတွေ သိဖို့လိုတယ်။ တိုင်ကြားလာတဲ့စာတွေကို ဒီ(၅)နှစ်တာ သက်တမ်းအတွင်းမှာ သေချာဖတ်ရှုမယ်။ သေချာ သုံးသပ်မယ်။လိုအပ်ရင် ကွင်းဆင်းမယ်။ သက်ဆိုင်ရာဋ္ဌာနတွေကို တိုက်တိုက်တွန်းတွန်းနဲ့ဆောင်ရွက်ဖို့ တင်ပြပါ့မယ်။

မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ pageတစ်ခုထောင်ထားတာ ရှိတယ်။ အဲဒီမှာ ဝင်ကြည့်နိုင်တယ်။ ကော်မတီရဲ့ ဆောင်ရွက်မှုတွေကို ဆက်တိုက်ဖော်ပြသွားမှာ။ ဒီအတွက်လည်း ကျွန်တော်တို့ကို အကြံပြုစာတွေ ပေးပို့နိုင်တယ်။ တိုင်ကြားစာကော်မတီက ဖြေရှင်းမှုတွေ အားနည်းရင် ဆောင်ရွက်တာ နှေးကွေးရင် ဖြေရှင်းရမယ့်ကိစ္စတွေ တန်းလန်းဖြစ် နေရင် ပြောလို့ရတယ်။ ဝေဖန်လို့ရတယ်။

မဇ္ဈိမ - အစိုးရကရော ကော်မတီနဲ့ ပွတ်တိုက်မှု ရှိနိုင်သလား။

နေမျိုးကျော်- အခုအခြေအနေက စနစ်တစ်ခုကို ကူးပြောင်းနေတဲ့ကာလဖြစ်တဲ့အတွက် အစိုးရဋ္ဌာနတွေကလည်း အစိုးရသစ်နဲ့ အသားကျစွာ စပ်ဆက်ပူးပေါင်းဆောင်ရွက်နေတဲ့အချိန်၊ လွှတ်တော်ကလည်း မိမိရဲ့ လွှတ်တော်ယန္တယားကို လွှတ်တော် ကော်မတီ(၁၁)ခုကလည်း ကြိုးပမ်းနေတဲ့ကာလမှာ ပြည်သူက မဲပေးလိုက်တဲ့ ပြည်သူ့အစိုးရနဲ့ ပြည်သူ တင်မြောက်တဲ့လွှတ်တော်ကလည်း ပွတ်တိုက်မှုမဖြစ်အောင် သတိထားဆောင်ရွက်ရမယ့် အပိုင်းတွေလည်း ရှိတယ်။ ဆိုလိုချင်တာက အစိုးရကလည်း ကြိုးပမ်းတည်ဆောက်နေတဲ့ကာလ၊ လွှတ်တော်ကလည်း ပြည်သူ့အသံကို အနီးကပ်ဆုံး ကြားရမယ့်အချိန် ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေဟာ လွှတ်တော်က တို့တာဝန်ကျေတာပဲ။ ပြီးတာပဲ ဆိုတဲ့ အပိုင်းနဲ့ အစိုးရကို လွှတ်တော်ရဲ့ဘောင်ကို ကျော်လွန်ပြီး မလုပ်လိုသလို အစိုးရကလည်း ပြင်ဆင်နေတုန်း ကာလမို့ ဖြေရှင်းမှုတွေ နှေးပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကြောင်းပြနေရင်လည်း လွှတ်တော်က သီးခံမှာမဟုတ် ပါဘူး။လွှတ်တော်ရော အစိုးရရောရဲ့အဓိက ရပ်တည်ချက်က ပြည်သူသာ အဓိကမဏ္ဍိုင်ဖြစ်တယ်။လွှတ်တော်က လည်း ပြည်သူ့အသံကို အနီးဆုံးကြားအောင် နားထောင်နေတယ်။ပြည်သူပြောတာ ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစား နေတယ်။အစိုးရကလည်း ပြည်သူ့အသံကို အတတ်နိုင်ဆုံး နားထောင်ပါ။ပြည်သူ့အသံကို တိုက်ရိုက်မရခဲ့ရင် လွှတ်တော်ကတစ်ဆင့် ပြည်သူ့အသံကို တိုက်တိုက်တွန်းတွန်းဖြေရှင်းပါ။

ကျွန်တော် နောက်ဆုံးပြောချင်တာက အစိုးရဆိုတာ ပြည်သူ့အသံကို နောက်ဆုံးမှ ကြားရတာ။ လွှတ်တော်ဆိုတာ ပြည်သူ့အသံကို အရင်ဆုံးကြားရတာ။ ဒါကြောင့်မို့ ပြည်သူတွေ ရွေးခြယ်ထားတဲ့ကိုယ်စားလှယ်တွေရှိတယ်။ လွှတ်တော်မှာ ကောမတီတွေ ပေါ်ပေါက်လာတယ်။တိုင်ကြားစာကော်မတီကို တိုင်ရမယ်ဆိုပြီး ကော်မတီတစ်ခုကိုပဲ အဓိက တိုင်ကြားတာကိုတော့ လက်ခံပါတယ်။သို့သော် ကော်မတီကိုပဲ အားကိုးမနေပဲနဲ့ မိမိနယ်မြေမှာရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်ကိုလည်း အရင်ဆုံးအသိပေး အကြောင်းကြား ညှိနှိုင်းဖို့လိုတယ်။အဲဒီလို သွားမယ်ဆိုရင် ကျွန်တော်တို့ က လုပ်ရတာ ပိုလွယ်ကူမယ်။ဖြေရှင်းရမယ့် ပြသနာ သိပ်ကြီးတယ်ဆိုရင်တော့ ကော်မတီကို တင်ပြရမှာပေါ့။ သက်ဆိုင်ရာဒေသက လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ကျွန်တော်တို့က တိုင်ကြားဖြစ်စဉ်တွေ မေးမြန်းဦးမှာပါ။

မဇ္ဈိမ - ဆရာ့အနေနဲ့ တိုင်ကြားစာကော်မတီအနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပါဦးခင်ဗျာ။

ဦးနေမျိုးကျော်- အဂတိလိုက်စားမှုပြသနာတွေနဲ့ ပတ်သက်လို့ တိုင်တဲ့ကိစ္စတွေ နည်းနေသေးတယ်။ တိုင်ကြားစာကော်မတီက တိုင်ကြားဖို့ လူတွေကို မြောက်ပေးနေသလားလို့မမြင်စေချင်ပါဘူး။ ပြည်သူတွေကို ပြောချင်တာက ပြည်သူပိုင်တဲ့ငွေ၊ ပြည် သူပိုင်တဲ့ အခွန်ဘဏ္ဍာမှန်သမျှဟာ ပြည်သူ့အတွက် ပြည့်ပြည့်ဝဝခံစားရဖို့ရန် ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဒါ အကောင်းဆုံး ခံစားခွင့်ပဲ။ ဒီအတွက် (၂၀၁၆- ၂၀၁၇) ဘက်ဂျက်အရ ချထားပေးမယ့်မှာ လမ်းတွေ၊ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊တံတားတွေ၊ ဆက်သွယ်ရေးတွေ၊ လျှပ်စစ်စွမ်းအင်တွေ ဒါတွေနဲ့ပတ်သက်လို့ နိုင်ငံတော်က ချထားပေးတဲ့ ပြည်ထောင်စုဘက်ဂျက်၊ တိုင်းဒေသကြီးဘက်ဂျက်နဲ့ နောက်တစ်ခုက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကိုချထားပေးခဲ့တဲ့ ကျပ်သိန်း(၁၀၀၀) ကိစ္စမျိုးတွေ၊ မြစိမ်းရောင်ကျေးရွာလို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တဲ့ စီမံကိန်းတွေအပါအဝင် ရပ်ရွာဖွံ့ဖြိုးရေးအတွက် စည်ပင်သာယာဖွံ့ဖြိုးရေး ဖွံ့ဖြိုးတိုးတက်ရေး ဘက်ဂျက်တွေ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတာတွေ တာဝန်ယူမှု တာဝန်ခံမှု မရှိတာတွေ၊ ကုမ္ပဏီက လုပ်သလား၊ ဋ္ဌာနက လုပ်သလား၊ တာဝန်ခံတဲ့လူတွေက လုပ်သလား၊ အဲဒါတွေကို စောင့် ကြည့်ပါ။အဲဒီလိုကိစ္စတွေတိုင်ခြင်းဟာ နိုင်ငံကို ထိန်းကျောင်းခြင်းမည်တယ်။ ဒီလိုတိုင်စာတွေကို စောင့်ကြိုလျှက်ရှိ တယ်လို့ မကွေးတိုင်းဒေသကြီး တိုင်ကြားစာကော်မတီက အကြံပြုလိုပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly