မန္တလေးတိုင်း ရက် ၁၀၀ စီမံချက်အတွင်း ကမ်းပြိုမှု ကာကွယ်ရန် မေ ၁၂ရက် စတင်မည်

မန္တလေးတိုင်း ရက် ၁၀၀ စီမံချက်အတွင်း ကမ်းပြိုမှု ကာကွယ်ရန် မေ ၁၂ရက် စတင်မည်

မန္တလေး၊ မေ ၁၁ ။          ။ မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းတစ်လျောက် ကမ်းပြိုသည့် ကျေးရွာများကို ရက် ၁၀၀ စီမံချက်ဖြင့် ကာကွယ်ရေးလုပ်ဆောင်မှု မေလ ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။

"ဖြစ်နိုင်ခြေရှိတဲ့ရွာတွေကို ရွေချယ်ပြီးလုပ်ပေးတာပါ။"ဟု မန္တလေးတိုင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း ကပြောသည်။

ကမ်းပြိုကွာကွယ်ရေးပြုလုပ်ပေးမည့် ကျေးရွာ ၇ ရွာမှာ စဉ်ကူးမြို့နယ်တွင် ဆီသည်ကျေးရွာနှင့် ဟင်္သာမကျေးရွာ၊ မတ္တရာမြို့နယ်တွင် သူဌေးကုန်းကျေးရွာ၊ ကုန်းတန်းကျေးရွာနှင့် ဆင်ကျွန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်တွင် ကျွန်းဆင်ကျေးရွာနှင့် ချိုင့်ကြီးကျေးရွာတို့ဖြစ်သည်။

အဆိုပါကျေးရွာများအနက် ကမ်းပြိုကာကွယ်မှုကို မတ္တရာမြို့နယ်ရှိ ဆင်ကျွန်းကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ်ရှိ ကျွန်းဆင်ကျေးရွာတို့ကို မေလ ၄ ရက်တွင် စတင်ဆောင်ရွက်နေပြီး ကျန်သည့်ကျေးရွာ ၅ ရွာကို မေလ ၁၂ ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

"ကျွန်တော်တို့ Stell Cable Groyne စနစ်နဲ့လုပ်သွားမယ်။ တစ်ရွာကို သုံးခုနှုန်းလုပ်ပေးသွားမယ်။"ဟု ဦးတိုးအောင်လင်းက ပြောသည်။

ကျေးရွာ တစ်ရွာကို ခန့်မှန်းကျပ် သိန်း၆၀ ခန့်အသုံးပြုသွားမှာဖြစ်ပြီး ဇွန်လအလယ်တွင် ပြီးစီးမည်ဟု ၎င်းကဆိုသည်။ ယင်းအပြင် ကျေးရွာများအနေဖြင့် ကမ်းပြိုမှုဖြစ်ပါက သက်ဆိုင်ရာမြို့နယ်/တိုင်းများထံ   အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက အသိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly