မြန်မာပြည်သူများ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အီးယူသံအမတ်ပြော

မြန်မာပြည်သူများ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အီးယူသံအမတ်ပြော
 မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး။ (ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည)

ရန်ကုန်၊ မေ ၁၁ ။            ။ မြန်မာပြည်သူများ ကြောက်ရွံ့မှုမရှိဘဲ တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သံအမတ် မစ္စတာ ရိုလန် ခိုဘီယာက တိုက်တွန်းလိုက်သည်။

“EUအနေနဲ့ မြန်မာနိုင်ငံကအခက်အခဲတွေကို နားလည်သလို ကူညီထောက်ပံ့မှုတွေလည်းပေးသွားမှာပါ။ အဲ့လိုကူညီပေးတဲ့နေရာမှာလည်း စဉ်ဆက်မပျက် ဆက်လက် အကောင်အထည်ဖော်နိုင်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမှာပါ” ဟု မစ္စတာ ခိုဘီယာက မေလ ၁၁ရက်က ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

တိုင်းရင်းသားလူမျိုးစုများနှင့် အတူတကွ နေထိုင်သည့် မြန်မာနိုင်ငံသည်လည်း ဥရောပသမဂ္ဂကဲ့သို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အရှိန်အဟုန်မြှင့်တင်သင့်ကြောင်း နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင်လည်း ဥရောပသမဂ္ဂအနေနှင့် ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံ၏ အတွက် နှစ်စဉ် ကန်ဒေါ်လာ သန်း ၁၁၀ခန့် ထောက်ပံ့ကူညီလျက် ရှိသည်။ အဆိုပါထောက်ပံ့ငွေ၏ ထက်ဝက်နီးပါးကို ပညာရေး ကဏ္ဍတွင် အသုံးပြုပြီး ကျန်ငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ၃၅ ရာခိုင်နှုန်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ၁၅ရာခိုင်နှုန်း သုံးစွဲလျက်ရှိသည်။

မြန်မာနိုင်ငံနှင့် ပက်သတ်၍ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူညီချက်ကို ကျင့်သုံးနေမြဲဖြစ်သောကြောင့် ဥရောပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံရန် တုံ့ဆိုင်းနေကြကြောင်း၊ ကောင်းမွန်သော ပညာရေးစနစ်သစ်ကိုလည်း အဆင့်ဆင့် ခိုင်မာစွာ ဖော်ဆောင်နိုင်ရန်လိုကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဥရောပသမဂ္ဂသည် ယခုလက်ရှိတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ဆောင်ရွက်မှုများကြောင့် ၂၀၁၂ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly