သန်စွမ်းခြင်း မသန်စွမ်းခြင်းဆိုတဲ့ ခြားနားမှုတွေကို အောင်မြင်အောင်် ကျော်လွှားနိုင်တဲ့ မမေဇင်အောင်

11 May 2016
သန်စွမ်းခြင်း မသန်စွမ်းခြင်းဆိုတဲ့ ခြားနားမှုတွေကို အောင်မြင်အောင်် ကျော်လွှားနိုင်တဲ့ မမေဇင်အောင်

သူဟာ လက်နှစ်ဖက်မရှိတဲ့ မသန်းစွမ်းသူ အမျိုးသမီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တက္ကသိုလ်အထိ ကျောင်းတက်ပြီး ဘွဲ့ရတဲ့အထိ ဘဝကို အနိုင်မခံ အရှုံးမပေး လျှောက်လှမ်းလာခဲ့သူပါ။ သူ့နာမည်က “မမေဇင်အောင်” ပါ။

အခုတော့ မမေဇင်အောင်ဟာ ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုတစ်ခုကို ထူထောင်ထားရှိနိုင်တဲ့ ကလေးမိခင်တစ်ဦးလည်းဖြစ်နေပါပြီ။ ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်တစ်ခုကို လုပ်ကိုင်နေသူလည်း ဖြစ်နေပါပြီ။ သူဟာ မသန်စွမ်းသူတစ်ဦးရဲ့ ထူးခြားတဲ့ဘဝကို ဘယ်လို ဖြတ်သန်းလာခဲ့ရသလဲ။ သူ့ ဘဝရည်ရွယ်ချက်က ဘာလဲ။ သူ့အယူအဆ သူ့ခံယူချက်ကဘာလဲ။

မမေဇင်အောင်က အခုလို စတင်ပြောပြပါတယ်။

“ ကျမက အခု အသက် ၂၈ နှစ်ပြည့်ပါပြီ။ ကျမ အိမ်ထောင်သက်က ၄ နှစ်ကျော်ပါပြီ။ ပြီးတော့ ဆယ်လ သမီးလေးတစ်ယောက်ရဲ့ မိခင်ပါ။ မွေးချင်း လေးယောက်အနက် ညီမက အငယ်ဆုံး။ ဇာတိက ဧရာဝတီတိုင်း လပွတ္တာမြို့နယ် တူးမြောင်းကပါ။ တူးမြောင်းမှာကိုးတန်းအထိ၊ ဆယ်တန်းကြတော့ မြောင်းမြမှာတက်တယ်။ ဆယ်တန်းအောင်တော့ ပုသိမ်တက္ကသိုလ်မှာ သုံးနှစ်တက်ခဲ့တယ်။

အလုပ်ကတော့ ကုမ္ပဏီဝန်ထမ်း ခြောက်နှစ်ကျော်ကျော် လုပ်ခဲ့တယ်။ အိမ်ထောင်ကျ ကိုယ်ဝန်ရှိလို့ ခွင့်ယူရင်းနဲ့ မီးဖွားလိုက်တာပေါ့။ ရန်ကုန်မြို့ကလည်း သိတဲ့အတိုင်း အလုပ်ကလည်း နားထားရတဲ့ဒီအပေါ်မှာ တစ်ယောက်ထဲအလုပ်လုပ်လို့ မလုံလောက်လို့ အိမ်မှာလည်း အိုးမကွာအိမ်မကွာသဘော အွန်လိုင်းဈေးဆိုင်လေးတစ်ခုလုပ်ထားတယ်။ ”

လက်နှစ်ဖက်မပါရှိတဲ့ မသန်စွမ်းသူတစ်ဦး မှတ်မှတ်သားသားစတင်ရင်ဆိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံုတစ်ခုကိုလည်း သူက အခုလို ပြောပြပါတယ်.

“ညီမ ဆယ်တန်းရောက်တော့ ပတ်ဝန်းကျင်အသစ်တစ်ခု စရောက်တဲ့သဘောပဲ။ အဲဒီမှာ မူလတန်းကလေးတွေက သိတဲ့အတိုင်း အရမ်းစူးစမ်းချင်တဲသဘောဆိုတော့ ကျောင်းဆင်းချိန်ဆိုလာပြီ အပေါက်ကနေ ချောင်းကြည့်ကြတာ၊ ဒီလို စုပြုံကြည့်တာ ပထမတော့ ညီမဘဝမှာ တခါမှမတွေ့ဖူးဘူးလေ။ ပထမတော့စိတ်ဆိုးတာပေါ့။ ဘာလဲပေါ့၊ လူကို မျောက်ပွဲကြည့်သလို လာကြည့်တယ်ပေ့ါ။ နောက်တော့လည်း တစ်လ ကြာကြာလောက်ရှိတော့ သူတို့လည်းရိုးသွားတယ် ညီမလည်း ဘယ်လိုမှမဖြစ်တော့ပါဘူး။ အဲဒီတခါပေါ့။ ညီမအဖို့ မသန်းစွမ်းမှုအပေါ်မှာ ထူးထူူးခြားခြား ပထမ ခံစားရတဲ့အတွေ့အကြုံပေါ့။ တက္ကသိုလ်ရောက်ပြန်တော့လည်းဒီလိုပဲလေ။ တက္ကသိုလ်မှာက ညီမလို မသန်စွမ်း ရှိတော့ ရှိတယ်ပေါ့၊ ဒါပေမယ်လည်း ညီမလို ဆိုးဆိုးရွားရွားကြီး ရှိခဲတယ်ပေါ့။ အဲဒီတော့ တက္ကသိုလ်မှာလည်း အဲသလိုကြည့်တာ ခံရပြန်တယ်။ ဒါပေမယ့် ညီမ ခံနိုင်ရည်ရှိပြီပေါ့နော်။ ဘာပြုလို့လည်းဆိုတော့ ညီမက ဆယ်တန်းမှာတုန်းကတည်းက အတွေ့အကြုံရှိထားပြီပဲပေါ့နော်”

မမေဇင်အောင်က သူ့ရဲ့ အိမ်ထောင်ရေးအတွေ့အကြုံကိုလည်း အခုလို ပြောပြပါတယ်။

“ညီမအမျိုးသားက ညီမထက် သုံးနှစ်ကြီးတယ်။ တာမွေမှာဖွင့်တဲ့ နားမကြားကျောင်းမှာ သင်တန်းနည်းပြပေါ့။ သူနဲ့က အွန်လိုင်းမှာစတွေ့ခဲ့တာပါ။ အွန်လိုင်းမှာတွေ့ပေမယ့် သူလည်းရန်ကုန်မှာနေခဲ့တာပါပဲ။ အပြင်မှာတွေ့ကြမယ်ဆိုတာ တခါမှမရှိခဲ့ပါဘူး။ မွေးနေ့ကြမှ လာမယ့်သူတစ်ယောက်မှမရှိဘူးလို့ပြောလို့ ဘယ်သူမှမလာလည်း ဘာဖြစ်လည်း သူလာမယ် ဘုရားကို သူလိုက်ပို့ပေးမယ်ဆိုပြီး စတွေ့ဖူးကြတာပါပဲ။ ချစ်သူဘဝ တစ်နှစ်နီးပါးအကြာ လက်ထပ်လိုက်တယ်ပေါ့။”

မသန်းစွမ်းသူပဲဖြစ်ဖြစ် သန်စွမ်းတဲ့သူပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဘဝကိုဘယ်လိုခံယူူချက်နဲ့ လျှောက်လှမ်းသင့်တယ်ဆိုတာကိုလည်း မမေဇင်အောင်က အခုလို နိဂုံးချုပ်ပြောပြပါတယ်။

“ ညီမအမြင်မှာတော့ သန်စွမ်းတဲ့သူပဲဖြစ်ဖြစ် မသန်စွမ်းတဲ့သူပဲဖြစ်ဖြစ် သူ့မှာနေရာတနေရာ အမြဲတမ်းရှိတယ်။ ငါ မသန်းစွမ်းလို့ ဘာမှမလုပ်နိုင်ပါဘူးလို့မရှိသင့်ဘူး၊ တကယ်တော့ နေရာတနေရာတော့ ရှိကို ရှိတယ်။ အဲဒီအပေါ်မှာမှ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာ အရင်တွေးပြီး လုပ်ဖို့အရေးကြီးတယ်။ ညီမပြောချင်တာကတော့ အမျိုးသမီးတွေအနေနဲ့ အိမ်ထဲမှာနေပြီး အိမ်အလုပ်တွေပဲလုပ်ရင်းနဲ့ ဘဝကို မကုန်ဆုံးသွားစေချင်ဘူး၊ အပြင်ကိုထွက်စေချင်တယ် အလုပ်လုပ်စေချင်တယ် ”