နိုင်ငံတော် မူးယစ်ဆေး

နိုင်ငံတော် မူးယစ်ဆေး

ဒီကနေ့ ဒီအာဘော်ကို ဒီခေါင်းစဉ်ပဲ တပ်လိုက်ချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မူးယစ်ဆေးနှင့် ပတ်သက်သည့်သတင်းများကို နေ့စဉ်ရက်ဆက်ကြားလာရ ဖတ်ရသောအခါ စိတ်မကောင်း ခြင်းကြီးစွာ ဖြစ်ရသောကြောင့် ဖြစ်သည်။

ဒီကနေ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတစ်ခုတွင် လားရှိုးမြို့ မူးယစ်ဆေးဝါး သုံးစွဲသူ ဂိုဏ်းတစ်ဂိုဏ်ကို ဖေါ်ထုတ်ရမိသည့်သတင်း ဖတ်ရသည်။ မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းဝယ်သူ စုစု ပေါင်း လူ ၄၀ ကျော်ဖြစ်သည်။ ထူးခြားချက်မှာ ယင်းလူ ၄၀ ကျော်ထဲတွင် အသက် ၅ နှစ်အထက်၊ ၁၂ အောက်ကလေးများက အများစုဖြစ်နေသည်ဆိုသည့် သတင်းပင်ဖြစ်သည်။ အံ့သြကုန်နိုင်ဖွယ်ပင် မရှိတော့ပါချေ။

ထားပါတော့။ အင်တာနက် လူမှုကွန်ရက်ဆိုတာက မဟုတ်တာ မမှန်တာတွေ တင်တတ်ကြ တာမျိုးဖြစ်သည်မို့ သည်သတင်းမှာ မခိုင်လုံဘူးပဲထားသည့်တိုင် ယခုရက်ပိုင်းအတွင်း နေ့စဉ်ကြားနေရ သည့် လာရှိုးမြို့ဝန်းကျင် မူးယစ်ဆေး ရောင်းဝယ်ရေးစခန်းများ သက်ဆိုင်ရာက ရှင်းလင်းနေကြရ သည့် သတင်းများကတော့ အမှန်ပင်ဖြစ်သည်။ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေကြသူများမှာ လားရှိုး မြို့ပြင်တွင် အခိုင်အမာ တဲတန်းလျားများထိုးလျက် ပြောင်ပြောင်တင်းတင်းပင် အခြေစိုက်ထားကြ သည့် စခန်းများဖြစ်သည်။

မေးစရာမေးခွန်းတော့ ရှိလာပြန်သည်။ သည်လို ပေါ်ပေါ်တင်တင် အခိုင်အမာ တဲတန်းလျား များ ထိုးပြီး မူးယစ်ဆေးဂိုဏ်များ ကျက်စားနေကြသည်ကို ယခင်အစိုးရလက်ထက် တာဝန်ရှိသူများ မသိခဲ့လေကြရော့သလား။ ဒါမှမဟုတ် ယခုအစိုးရ လက်ထက်ကြကာမှ နေ့ချင်းညချင်း တဲတန်းလျား တွေ ရုတ်တရက် ထိုးကာ အခြေစိုက်လာကြခြင်ပေလော ဟူ၍ မေးခွန်းမေးစရာ ရှိလာသည်။ သည်မေးခွန်းကို အဖြေပေးသည် မပေးသည်နောက်ထား၊ သည်လောက်အထိ အတိအလင်း အတင့်ရဲ စွာ မူးယစ်ဆေး ရောင်းဝယ်ဖေါက်ကားမှုတွင် ကျယ်လာနေသည်ကတော့ နိုင်ငံတော်အတွက် ကြီးမား လှသည့် ပြဿနာအဖြစ် ဂုဏ်သိက္ခာမဲ့စရာ ပြဿနာအဖြစ် သတ်မှတ်ရမည်ကတော့ အသေအချာပင် ဖြစ်သည်။

မူးယစ်ဆေးပြဿနာမှာ အမယ်ဘုတ်ကဲ့ သူ့ချည်ခင်ဆိုသလို ဖြေရှင်းရခက်သည့် ပြဿနာဖြစ် သည်ဆိုသည်မှာ မှန်ပင်မှန်သော်ငြားလည်း မဖြေရှင်းပဲထားလို့တော့ လုံးဝမဖြစ်သည့် ပြဿနာလည်း ဖြစ်သည်။ အမှန်တကယ်တော့ မူးယစ်ဆေးပြဿနာ ကြီးထွားလာရခြင်းမှာ သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ တာဝန်မဲ့မူ၊ အဂတိလိုက်စားမှုများ မရှိပါက ယခုလို ကြီးထွားလာစရာ အကြောင်းမရှိ ချေ။ ထို့ကြောင့် မူးယစ်ဆေးပြဿနာကို ဖြေရှင်းမည်ဆိုလျင် တာဝန်ရှိသူများကို ဦးစွာပထမ ကြပ်မတ် ပညာပေးရန် အရေးယူရန် လိုပါသည်။

လွန်ခဲ့သည့် လများအတွင်းက ကချင်ပြည်နယ်တွင် မူးယစ်ဆေးစိုက်ပျိုးခြင်းကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ ရှိလာခဲ့သည်။ မူးယစ်ဆေးကြောင့် လူငယ်တွေ ရေတိမ်နစ်ကြရ၊ လူတွေ စာရိတ္တ ပျက်ပြားရ၊ ကျန်းမာရေးချို့တဲ့ရသဖြင့် နောက်ဆုံးတွင် လူထုကိုယ်တိုင်က မနေနိုင်တော့ဘဲ လမ်းပေါ် ထွက် ဆန္ဒထုတ်ဖေါ်လာရခြင်း ဖြစ်သည်။ ဘိန်းခင်းများကို လူထုအားဖြင့် ဖျက်ဆီးပစ်ကြခြင်း ဖြစ်သည်။

ဒီရက်အတောအတွင်းမှာပင် ကလေးမိခင်တစ်ဦး ကလေးကို ရင်ခွင်ထဲထား၊ နို့တိုက်ထားစဉ် မှာပင် မိမိလက်ဖျံအတွင်း မူးယစ်အကြောဆေး ဆေးထိုးအပ်နှင့် ထိုးသွင်းနေသည့် ဗီဒီယိုဖိုင်တစ်ခု လည်း တွေ့ကြရပါသည်။ မိခင်ဖြစ်သူမှာ တိုင်းရင်းသူတစ်ဦး ဖြစ်သည်။

ယင်းဗီဒီယိုဖိုင်ကို ကြည့်ရသူအများမှာ တုန်လှုပ်ခြောက်ခြား ကြရသည်။ ကမ္ဘာ့မူးယစ်ဆေး စိုက်ပျိုးမှု အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် အာဖဂန်နစ်စ္စတန် နိုင်ငံပြီးလျင် ဒုတိယအ များဆုံး နိုင်ငံဖြစ်သည်ဆိုသည့် သတင်းမှာလည်း မြန်မာသိ ကမ္ဘာသိသတင်း ဖြစ်လာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ယခုအခါ ပြည်သူများ ရွေးချယ်တင်မြှောက်မှုဖြင့် ပြည်သူ့အစိုးရဟုဆိုအပ်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီဖြစ်သဖြင့် ပြည်သူတို့အတွက် အန္တရယ်ကြီးလှသည့် မူးယစ်ဆေး ပြဿနာကို အလျင်အမြန်နှင့် မှန်ကန်ထိရောက်စွာ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပါရန် မဇ္ဈိမက တိုက်တွန်း လိုက်ပါသည်။

Mizzima Weekly