ရွှေ့ပြောင်းနေထိုင်သူများ ၀င်ရောက်နေမှုကို တားဆီးနိုင်ရန် ကိုလံဘီယာနှင့် ထိစပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ထားရန် ပနားမား စီစဉ်

ရွှေ့ပြောင်းနေထိုင်သူများ ၀င်ရောက်နေမှုကို တားဆီးနိုင်ရန် ကိုလံဘီယာနှင့် ထိစပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ထားရန် ပနားမား စီစဉ်

ပနားမားစီးတီး ၊ မေ ၁၀ ။            ။ ရွှေ့ပြောင်းနေထိုင်သူများ အလုံးအရင်းဖြင့် ဝင်ရောက်နေခြင်းမှ တားဆီးနိုင်ရန် ကိုလံဘီယာ နှင့် ထိစပ်နေသော အဓိက နယ်စပ်ဂိတ်များအားလုံးကို ပိတ်ထားတော့မည်ဖြစ်ကြောင်း ပနားမား အစိုးရက ပြောကြားလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကျူးဘား နှင့် အာဖရိကဒေသမှ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ရွှေ့ပြောင်းနေထိုင်သူများ နိုင်ငံတွင်းသို့ ဝင်ရောက်နေခြင်းမှ တားဆီးနိုင်ရန် ယခုကဲ့သို့ နယ်စပ် ဂိတ်များကို ပိတ်သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း ပနားမား သမ္မတ ဂျူအန် ကားလို့စ် ဗာရယ်လာက မေလ ၁၀ ရက်တွင် ပြောကြားသည်။

"ခုလိုမျိုး ကိုလံဘီယာနဲ့အကြား နယ်စပ်ဂိတ်တွေပိတ်ထားဖို့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ခက်ခက်ခဲခဲနဲ့ ချခဲ့ရတာပါ၊ တရားမဝင် ရွှေ့ပြောင်းသူတွေ ရောက်လာနေတာကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်" ဆိုပြီး မူးယစ် ကုန်ကူးမှု တိုက်ဖျက်ရေး အခမ်းအနားတစ်ခုတွင် ဗာရယ်လာက ပြောကြားသွားသည်။

ကော်စတာရီကာနှင့် ထိစပ်နေသော ပနားမား နယ်စပ်ဒေသများတွင် နေထိုင်နေကြသော ကျူးဘား ရွှေ့ပြောင်း ၃,၅၀၀ ကိုလည်း အမေရိကန်-မက္ကဆီကိုနယ်စပ်အနီးသို့ လေကြောင်းဖြင့် ပို့ဆောင်ပေးရန် ပနာမားအစိုးရနှင့် မက္ကဆီကိုအစိုးရတို့အကြား ပြီးခဲ့သည့် သီတင်းပတ်က သဘောတူထားခဲ့သည်။

လက်ရှိအချိန်တွင်မူ အမေရိကန် နိုင်ငံတွင်းသို့ ဝင်ရောက်နေကြသော ကျူးဘားနိုင်ငံသားများအနေဖြင့် ယင်းနိုင်ငံတွင် သက်ဆိုင်ရာ ဖြေလျော့မှုများဖြင့် နေထိုင်ခွင့်များ ရရှိနေပြီဖြစ်သည်။

ယမန်နှစ်အတွင်းက မြောက်ပိုင်းဒေသများသို့ ဦးတည်သွားလာခဲ့ကြသော ကျူးဘား နိုင်ငံသားဦးရေမှာ သိသိသာသာ မြင့်တက်ခဲ့သည်ကို တွေ့ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly