"ဘိန်းခင်းတွေ မဖျက်ဆီးခင် ပြုပြင်ပြောင်းလဲရေးကိုအရင်လုပ်သင့်တယ်"

"ဘိန်းခင်းတွေ မဖျက်ဆီးခင် ပြုပြင်ပြောင်းလဲရေးကိုအရင်လုပ်သင့်တယ်"
မကြာသေးခင်က ရန်ကုန်တွင် တွေ့ရသော ဒေါက်တာ နန်းပန်းအိခမ်း (ဓာတ်ပုံ - အိချယ်ရီအောင် / Myanmar Now)

မူးယစ်ဆေးသုံးစွဲသူ၊ ဘိန်းစိုက်သူတို့ကိုရာဇဝတ်သားများအဖြစ် သတ်မှတ်ခြင်းမပြုရန်  မူးယစ်ဆေးဆိုင်ရာအမြင်များ၊ မူဝါဒများပြောင်းလဲရေးလှုံ့ဆော်နေသူဒေါက်တာနန်းပန်းအိခမ်းကပြောသည်

ရန်ကုန် (Myanmar Now) - ဘိန်းခင်းဖျက်ဆီးခြင်းမပြုမီ ဘိန်းစိုက်ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်သင့်သည်ဟု မူးယစ်ဆေးနှင့် ပတ်သက်သည့် အမြင်များ၊ မူဝါဒများ ပြုပြင်ပြောင်းလဲရေး လှုံ့ဆော်နေသည့် Drug Policy Advocacy Group (DPAG) အဖွဲ့၏ ညှိနှိုင်းရေးမှူး ဒေါက်တာနန်းပန်းအိခမ်းကပြောသည်။

ရန်ကုန်တွင် အခြေစိုက်သောထိုအဖွဲ့ကို ၂ဝ၁၄ တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးအဖွဲ့ဝင်များထဲတွင် မူးယစ်ဆေးသုံးစွဲသူ၊  ဘိန်းစိုက်တောင်သူတို့၏ ကွန်ရက်များ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ပါဝင်သကဲ့သို့ Save the Childrenကဲ့သို့သော နိုင်ငံတကာ အဖွဲ့များလည်း ပါဝင်သည်။ 

မကြာသေးခင်က ရန်ကုန်မြို့တွင်  Myanmar Now နှင့် တွေ့ဆုံစဉ် ဒေါက်တာနန်းပန်းအိခမ်းက နိုင်ငံတွင်း မူးယစ်ဆေးပြဿနာ၊ မူးယစ်ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဘိန်းစိုက်ဒေသ အခြေအနေများအကြောင်း ပြောပြထားသည်။

မေး-  DPAGအဖွဲ့အကြောင်း နည်းနည်းမိတ်ဆက်ပေးပါဦး။

ဖြေ -  မူးယစ်ဆေးဝါးမူဝါဒတွေကို ပြောင်းလဲစေချင်လို့ ဖွဲ့စည်းခဲ့တာပါ။ ဘယ်လိုပြောင်းလဲစေချင်တာလဲဆိုတော့ လူ့အခွင့်အရေးစံချိန် စံညွှန်းတွေနဲ့ကိုက်ညီဖို့၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးကိုဦးစားပေးတဲ့ မူးယစ်ဆေးဝါးမူဝါဒတွေဖြစ်ဖို့အတွက် စတင်ဖွဲ့စည်းဖြစ်တာပါ။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်တဲ့ HIV,  ဘီပိုး၊ စီပိုးရောဂါ ဝင်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးချင်တဲ့အတွက်  ကျွန်မကိုယ်တိုင် ဒီအဖွဲ့ထဲကို ဝင်ခဲ့ခြင်းဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ လူထုဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံမှာ အနှံ့အပြားမှာရှိတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေရှိတဲ့ နယ်မြေတွေမှာ ပြုလုပ်သွားမှာပါ။

မေး -  ကချင်နဲ့ရှမ်းပြည်နယ်မှာ ဘယ်လိုမူးယစ်ဆေး ပြဿနာတွေ တွေ့ရပါသလဲ။

ဖြေ- ကချင်မှာက စိုက်တာလည်းရှိတယ်၊ ဘိန်းဖြူ အကြောထဲထိုးသွင်းတဲ့ ပြဿနာရှိပါတယ်။ အပ်ကနေ HIV ပိုးကူးစက်တာလည်းအများကြီးရှိပါတယ်။ ရှမ်းမြောက်မှာဆိုရင်လည်း ကချင်နဲ့တူတူပဲ။ ရှမ်းတောင်မှာဆိုရင် များသောအားဖြင့်က ဘိန်းမဲသုံးစွဲတာပိုများတယ်၊ စိတ်ကြွဆေးသုံးစွဲတာတွေလည်းတွေ့ရတယ်။ တစ်နေရာနဲ့တစ်နေရာကတော့မတူကြပါဘူး။

မေး - ဒီအဖွဲ့ကဘိန်းစိုက်တောင်သူတွေ၊  ဆေးစွဲနေသူတွေထဲမှာဘယ်သူ့ကိုဦးစားပေးကူညီမှာလဲ။

ဖြေ - ဘိန်းစိုက်ပျိုးတဲ့သူတွေကိုရော၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေရော နှစ်ဖက်စလုံးကို ကူညီပေးသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ဒီအဖွဲ့ကလုပ်တဲ့ လုပ်ငန်းတွေမှာ စိုက်ပျိုးသူရော၊ သုံးစွဲသူရော ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အစည်းအဝေးတွေ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ရင်လည်း သူတို့ကိုဖိတ်ပါတယ်၊ သူတို့ကလည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ သူတို့ကို အန္တရာယ်လျော့ချရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်း၊ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းတွေ ပေးဖို့သွားဖို့တော့ရှိပါတယ်။

မေး - လက်ရှိ မူးယစ်ဥပဒေအပေါ်မှာဘယ်လိုမြင်ပါသလဲ။

ဖြေ - ပြောင်းလဲပြင်ဆင်ဖို့လိုတယ်။ ပြီးခဲ့တဲ့နှစ်ကမူးယစ်ဗဟိုအဖွဲ့၊ အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့နဲ့ ပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခု လုပ်ဖြစ်ပါတယ်။ သူတို့က မူးယစ်ဥပဒေကို   ပြန်လည်ပြင်ဆင်ဖို့ အဖြေထွက်လာပါတယ်။ အစိုးရအသစ်လက်ထက်မှာလည်း မူးယစ်ဥပဒေ ပြင်ဆင်လို့ရအောင် အစ်မတို့အဖွဲ့ဦးစားပေး လုပ်ဆောင်သွားမှာပါ။ မူးယစ်ဆေးသုံးစွဲသူတွေ အပြစ်ဒဏ်လျော့နည်းရေး၊ ပပျောက်ရေးအတွက် သူတို့နဲ့အတူတူ ပူးပေါင်းပြီး လက်တွဲလုပ်ဆောင်သွားမှာပါ။ ဆေးစွဲနေသူတစ်ယောက်က ဆေးဖြတ်ချင်တယ်ဆိုရင်   မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနဲ့ ချိတ်ဆက်ပေးသွားမှာပါ။ မူးယစ်ဆေးသုံးစွဲသူတွေကို ထောင်သွင်းအကျဉ်းချ ပြစ်ဒဏ်ပေးမယ့် အစားပထမဆုံးသုံးစွဲတဲ့သူဆိုရင် ကျန်းမာရေးဝန်ဆောင်မှုတွေဆီကို လွှဲပြောင်းပေးမယ်။ မူးယစ်ဆေးသုံးစွဲတဲ့သူတွေကကူးစက်ရောဂါ အန္တရာယ်ရှိတဲ့အတွက် ဆေးထိုးအပ်၊ဆေးထိုးပြွန် (အခမဲ့ ဖြန့်ဝေ) ပေးတာတို့၊   ဆေးဝါးကုသပေးတာတို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ သူတို့ကိုတကယ် ကူညီနိုင်မယ့် မူဝါဒတွေကို နိုင်ငံတော်အနေနဲ့ ချမှတ်ပေးဖို့လိုသလို ပြည်သူလူထုကလည်း လက်တွဲကူညီဖို့လိုပါတယ်။ ကျွန်မတို့ကမူးယစ်ဆေးဝါးသုံးစွဲသူတွေကို အားပေးတဲ့အဖွဲ့မဟုတ်ပါဘူး။ တချို့ဆိုသူ့လက်ထဲမှာမိတဲ့ မူးယစ်ဆေးဝါးကနည်းနည်းလေး၊ ဒါပေမဲ့ ကျခံလိုက်ရတဲ့ ထောင်ဒဏ်က အနှစ် ၂ဝ၊ ဒါဆိုရင် သူ့အပေါ်မှာမမျှတပါဘူး။ စိုက်ပျိုးတဲ့သူတွေကိုလည်း အပြစ်ဒဏ်လျှော့ပေါ့ပေးသင့်ပါတယ်။

မေး - မူးယစ်ဆေးဝါး ဥပဒေထဲမှာ ဘယ်လိုအချက်တွေ ပြန်လည်ပြင်ဆင်သင့်ပါသလဲ။

ဖြေ - ဆေးစွဲနေသောလူနာကို ရာဇဝတ်မှု ကျူးလွန်သူကဲ့သို့သဘောမထားရန်၊ (မူးယစ်ဆေးသုံးသူများ) မတင်မနေရမှတ်ပုံတင်စနစ်ကို ပြင်ဆင်ရန်၊ ဆေးကုသမှုကိုလူနာဆန္ဒအရရွေးချယ်ခွင့်ရှိရန်၊ မူးယစ်ဥပဒေတွင်လူ့အခွင့်အရေးဆိုင်ရာနှင့်အညီပြဋ္ဌာန်းရန်၊ ဆေးထိုးအပ်/ပြွန်ဆိုင်ရာယစ်မျိုးအက်ဥပဒေကို ပြင်ဆင်ရန်၊ အန္တရာယ်လျှော့ချရေးအစီအစဉ်ကို ဥပဒေအရ လက်ခံဆောင်ရွက်ရန် စတဲ့အချက်တွေကို ပြင်ဆင်သင့်တယ်လို့မြင်ပါတယ်။

မေး - အစိုးရသစ်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမလဲ။

ဖြေ - အစိုးရအသစ်ကိုအစ်မတို့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတင်ပြသွားမှာပါ။ အဓိကမူးယစ်ဆေးသုံးစွဲနေသူ၊ ဘိန်းစိုက်တောင်သူတွေနဲ့ပူးပေါင်းပြီးသူတို့ရဲ့ ရပိုင်ခွင့်တွေကို ဆက်လက်တင်ပြသွားမှာပါ။ သူတို့ရဲ့လိုအပ်ချက်တွေကိုအစိုးရတွေ၊ လွှတ်တော်အမတ်တွေ သိအောင် လုပ်ဆောင်ပေးသွားမှာပါ။

မေး -  ပြည်တွင်းငြိမ်းချမ်းရေးရသွားရင် မူးယစ်ဆေးပြဿနာကိုထိန်းချုပ်နိုင်မယ်လို့မြင်လား။

ဖြေ - တောင်တန်းဒေသတွေမှာ ငြိမ်းချမ်းရေးရမယ်ဆိုရင် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေက လျော့နည်းလာမယ်လို့မြင်ပါတယ်။ ကချင်၊ ရှမ်းမြောက်၊ ရှမ်းတောင်တွေမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီးဆွေးနွေးပွဲလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ တချို့နေရာတွေက ငြိမ်းချမ်းမရသေးတော့ သွားလို့မရဘူးလေ။

မေး - အဖွဲ့ရဲ့လေ့လာတွေ့ရှိချက်တွေအရ ဘိန်းစိုက်ပျိုးသူတွေရဲ့ အဓိကလိုအပ်ချက်က ဘာတွေများဖြစ်မလဲ။

ဖြေ - တောင်တန်းဒေသတွေက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် အခြားသီးနှံတွေ စိုက်ပျိုးရင်လည်း ဒါတွေကိုဈေးကွက်ပို့ဖို့ အလှမ်းမမီတဲ့အတွက် အမြတ်မပြောနဲ့ အရင်းတောင် ပြန်မရနိုင်တဲ့ အခြေအနေမျိုးတွေရှိပါတယ်၊ ဒါကြောင့်မို့ ဆင်းရဲတဲ့သူအများစုကတော့ (ဘိန်း) စိုက်ပျိုးကြတာ။ အစိုးရတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ဘိန်းခင်းတွေကို ဖျက်ဆီးလိုက်မယ်ဆိုရင် သူတို့ရဲ့ ဆန်အိုးကိုရိုက်ခွဲလိုက်တာနဲ့ တူတူပါပဲ။ ဘိန်းခင်းတွေ မဖျက်ဆီးခင် ပြုပြင်ပြောင်းလဲရေးကို အရင်လုပ်သင့်တယ်လို့မြင်ပါတယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အရင်ဆုံးလုပ်သင့်ပါတယ်၊ ဘိန်းစိုက်ပျိုးသူတွေကိုဘာကြောင့် အခုလိုစိုက်ပျိုးရတာလဲဆိုပြီး မေးမြန်းဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်။ ဘိန်းစိုက်ပျိုးတဲ့သူတွေကို အစ်မတို့စကားပြောကြည့်တဲ့အခါ သူတို့ရဲ့မိသားစုစားဝတ်နေရေးကို  ရေရှည်ထောက်ပံ့ပေးနိုင်ရင် ဒီအလုပ်ကိုစွန့်လွှတ်မှာပါ၊ သူဌေးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့စိုက်ပျိုးတာ မဟုတ်ဘူးဆိုတာတွေ့ရပါတယ်။ ဘိန်းစိုက်ပျိုးတဲ့သူတွေက ဘိန်းကလူညွှန့်တုံးစေနိုင်တဲ့အတွက် ဖျက်ဆီးသင့်တယ်ဆိုတာမျိုးကိုမသိပါဘူး။ သူတို့ကစိုက်ပျိုးတဲ့သူတွေပါ၊ ထုတ်လုပ်သူမဟုတ်တဲ့အတွက် မူးယစ်ဆေးအကြောင်း အသေးစိတ်မသိသလို၊ လူတွေ ဘိန်းစားပြီးပျက်စီးပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူးဆိုတာတွေ့ရပါတယ်။

မေး -  ကြုံတွေ့နေရတဲ့ အဓိကအခက်အခဲကဘာဖြစ်မလဲ။

ဖြေ - မူးယစ်ဆေးသုံးစွဲတယ်၊ ဘိန်းစိုက်ပျိုးတယ်ဆိုတာနဲ့ အဲဒီလူကိုရာဇဝတ်မှုကျူးလွန်သူလို့ပဲ လူအတော် များများကမြင်ကြတယ်။ ဆေးစွဲသူအများစုက မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ အဆင်မပြေမှုတွေကြောင့် မူးယစ်ဆေးသုံးစွဲတာ များတာတွေ့ရတယ်။ ဘာကြောင့် မူးယစ်ဆေးသုံးစွဲရလဲ၊ ဘာကြောင့်ဘိန်းစိုက်ရလဲစတဲ့ ပြဿနာအရင်းခံကိုသိအောင် အရင်ဆုံးကြိုးစားသင့်ပါတယ်။ ဘိန်းစိုက်တယ်၊ မူးယစ်ဆေးသုံးစွဲတယ်ဆိုတာနဲ့ သူတို့ကိုလူဆိုးလူမိုက်လို့ တန်းပြီးမမြင်စေလိုပါဘူး။ အဲဒီလိုမမြင်အောင် ရှင်းပြရတာကတော့ စိန်ခေါ်မှုပါပဲ။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly