လိုင်းကားပေါ်မှာ မကြည့်ရဲလို့ မျက်စိမှိတ်ပြီး လိုက်ခဲ့ရတဲ့သူ

လိုင်းကားပေါ်မှာ မကြည့်ရဲလို့ မျက်စိမှိတ်ပြီး လိုက်ခဲ့ရတဲ့သူ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်မှာနေတဲ့ ဒေါ်ခိုင်ခိုင်စိုး ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ စာဖတ်သူကဏ္ဍမှာ မကြာခဏ ဖော်ပြနေကျ မထသယာဉ်လိုင်းတွေအကြောင်း ရေးသားပေးပို့ခဲ့တာ ဖြစ်ပေမယ့် သူရေးတဲ့ အကြောင်းအရာက ဆန်းသစ်နေတာကြောင့် ဖော်ပြပေးလိုပါတယ်။ စာရေးခဲ့သူဟာ သူ နေ့စဉ်သွား လာရင်း မဖြစ်မနေ အသုံးပြုရတဲ့ လိုင်းကားတွေနဲ့ ပတ်သက်လို့ သူကြုံတွေ့ရတဲ့ အဖြစ်အပျက်ပေါင်း များစွာကို စုထားပြီး တစ်ပေါင်းတည်း ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

စာရေးခဲ့သူဟာ ကုမ္ပဏီဝန်ထမ်းပေမယ့် ရုံးမှာ ထိုင်မနေရတဲ့ ဈေးကွက်ရှာဖွေရေး ဝန်ထမ်း တစ်ဦး ဖြစ်ပတယ်။ သူ့လုပ်ငန်း သဘောသဘာဝအရ ရန်ကုန်မြို့အတွင်းက မြို့နယ်တွေကို သွားရောက်ရာမှာ များသောအားဖြင့် လိုင်းကားတွေကို အသုံးပြုရပါတယ်လို့ ဆိုပါတယ်။ ပထမဆုံး သူကြုံရတာတွေထဲက အဖြစ်အပျက်တစ်ခုကို ပြောလိုပါတယ်။ တစ်နေ့မှာ သူနေတဲ့ ကမ္ဘာအေးဘုရား မှတ်တိုင်ကနေ ၁၅၇ လိုင်းကားစီးပြီး ရုံးလာပါတယ်။

ကားပေါ်ရောက်တော့ နေရာရတာနဲ့ ကားမောင်း သူနဲ့ ၂ ခုံကျော်မှာ ထိုင်လိုက်တဲ့အခါ ကားခေါင်းခန်းမှာ မြန်မာသီချင်းနဲ့ အခွေဖွင့်ထားတာ တွေ့လိုက်ရ ပါတယ်။ ရှေ့တည့်တည့်မှာမို့ မကြည့်ပေမယ့် မြင်နေရတာက မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံက အမျိုးသမီး၊ အမျိုးသားတွေ သီချင်းဆိုပြီး ကနေကြတာပါ။ အမျိုးသမီးတွေရဲ့ ဘောင်းဘီက အတွင်းခံ အသားကပ်၊ အင်္ကျီမပါ၊ ဗလာစီယာနဲ့ ကောကော်ကန်လား ကနေကြတာအပြင် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ လူမြင်ကွင်းမှာ ဖက်နမ်း၊ နမ်းရှုံ့နေကြတာကို ကြည့်ပြီး ဘေးကလူတွေကို မကြည့်ရဲ တော့ပါဘူး။ အခြားအမျိုးသမီး၊ အမျိုးသားတွေလည်း သူ့လို ခံစားနေကြရတာကို မြင်ရပေမယ့် ပိတ်လိုက်ပါလို့ ဘယ်သူမှ မပြောရဲကြပါဘူး။ ဘာလို့လဲဆိုတော့ ကားမောင်းသူက သီချင်းသံ မြူးကြွ ကြွနဲ့ ကားကို အမြန်နှုန်းနဲ့ မောင်းနေသလို စပယ်ယာဖြစ်သကလည်း အကတစ်ဝက် လေသံမာတဝက် နဲ့ တစ်လမ်းလုံး ဟိန်းဟောက်နေတော့ သူတို့နဲ့ ပြိုင်ပြီး မဖြစ်ချင်ကြလို့နဲ့တူပါတယ်လို့ ပြောပါတယ်။ ဒီလိုမျိုး မဖွင့်သင့် မပြသင့်ပါဘူး။

၁၅၇ လိုင်းမှာတင်မကပဲ အဓိပတိလိုင်းတွေမှာလည်း တီဗွီမပါပေမယ့် အသံအကျယ်ကြီးဖွင့်ပြီး ဆူညံနေတဲ့ သီချင်းတွေကို ကားပေါ်တက်စကနေ မိမိခရီးစဉ်ဆုံးသည်အထိ နားမထောင်ချင်ဘဲ ပူလောင်အိုက်စပ်တဲ့ ဒုက္ခကိုခံရင်း နားထောင်နေကြရတာပါ။ အကုန်လုံးမဟုတ်ပေမယ့် စပယ်ယာအ တော်များများကတော့ အပြောအဆို မယဉ်ကျေးကြတာကြောင့် ခရီးသည်တွေမှာ ပိတ်ပေးဖို့ မပြောရဲ ကြဘူးလို့ ဆိုပါတယ်။ တကယ်တော့ အဝေးပြေးကားမဟုတ်ဘဲ မြို့ထဲပြေးဆွဲနေတဲ့ လိုင်းကားတွေမှာ ဒီလိုမျိုး တီဗွီပြတာ၊ သီချင်းတွေ ဆူညံနေအောင်ဖွင့်တာ မလုပ်သင့်ပါဘူး။ ခရီးသည်တွေအနေနဲ့ မဖြစ် လို့ ပူပြင်တဲ့ နေရောင်အောက်မှာ သွားလာနေကြရတာပါ။ ဒီလို ဆူညံတဲ့ အသံတွေကြောင့် မလိုလား အပ်တဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်လို့ ရေးပါတယ်။

နောက်ထပ် လိုင်းကားတွေနဲ့ ပတ်သက်လို့ ရေးချင်တာက လိုင်းကားတွေဟာ မိမိသတ်မှတ် လမ်းကြောင်းအတိုင်း မပြေးဆွဲကြတာ ဖြစ်ပါတယ်။ သူကြုံခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောရရင် မင်္ဂလာဈေး ကနေ လမ်း ၄၀ မှတ်တိုင်းကို ၃၃ လိုင်းကား စီးပါတယ်။ ၄၆ လမ်းမှတ်တိုင်ပြီးရင် လမ်း ၄၀ ပါ။ ၄၆ လမ်းမှတ်တိုင် ရပ်ပြီးလို့ သိမ်ဖြူမီးပွိုင့်လည်းရောက်ရော အနော်ရထာလမ်းအတိုင်း ဆက်မ သွားဘဲ ညာဘက် သိမ်ဖြူလမ်းဘက်ကို ချိုးကွေ့လိုက်လို့ ကျွန်မ လမ်း ၄၀ မှာ ဆင်းမှာ ဘယ်ကိုသွား နေတာလဲ မေးတော့ ကားပိတ်မှာစိုးလို့ ဒီဘက်က ကွေ့သွားမှာ ဘားလမ်းမှတ်တိုင်မှ ဆင်းဆိုပြီး ဗိုလ်မင်းရောက်လမ်းကနေ ပန်းဆိုးတန်းလမ်းမကြီးဘက်ကို သွားလို့ ဘားလမ်းမှတ်တိုင်မှ ရပ်ပေးပါ တယ်။

တကယ်ဆို မီးပွိုင့်က ခဏလေး စောင့်ရတာဖြစ်ပြီး ခရီးသည်တွေ အခက်အခဲဖြစ်လို့ နေပူထဲ လမ်းအဝေးကြီး ပြန်လျှောက်ရမှာကို မစာနာဘဲ စိတ်ထင်သလို ပြုမူတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက်တွေ ဖြစ်ပါတယ်။ သူတို့ကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပြီး ယာဉ်မတော်တဆမှု အများအပြားဟာလည်း ယာဉ်လုပ်သားတွေရဲ့ မဆင်ခြင်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်လို့ ပြောပါ တယ်။ ဒီလို သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းတဲ့ ယာဉ်လိုင်းကတော့ ၃၃ လိုင်း တစ်ခုတည်းတင် မဟုတ်ဘဲ လိုင်းအတော်များများမှလည်း အမြဲတွေ့နေရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ရန်ကုန်မြို့ကြီး အေးချမ်းသာယာဖို့ လူဆိုး၊ သူခိုးတွေကို နှိမ်းနှင်းရုံနဲ့ ဖြစ်လာမှာမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ ပြုကျင့်လုပ်ဆောင်နေကြတဲ့ မော်တော်ယာဉ်လိုင်းက ယာဉ်လုပ်သားတွေကိုပါ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှသာ ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့နိုင်မှာ ဖြစ်တယ်လို့ တိကျတဲ့ စည်းကမ်းဥပဒေတွေနဲ့ ထိန်းချုပ်ပေးသင့်ပါကြောင်း အကြံပြုစာ ရေးသားပေးပို့လာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly