တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟု အီရန် ပြောကြား

တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟု အီရန် ပြောကြား

ပြီးခဲ့သည့် နှစ်ပတ်အကြာက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့သည်ဟု အီရန် စစ်ဘက် အရာရှိတစ်ဦးက မေလ ၉ ရက်တွင် ပြောကြားလိုက်ရာ တီဟီရန် အစိုးရအနေဖြင့် ယင်း၏ စစ်ဘက် စွမ်းရည်ပိုင်းကို ဆက်လက်တိုးမြင့်နေလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရန် နိုင်ငံသည် ပြီးခဲ့သည့် နှစ်ကတည်းက ယင်း၏ ဒုံးကျည်များ၏ ပစ်မှတ်တိကျသေချာမှု နှင့် အကွာအဝေးပိုင်းကို ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်ထားခဲ့သည်။ ရန်သူတော်အစ္စရေးနိုင်ငံ၏ ရန်မှ ကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ သမားရိုးကျ စစ်လက်နက်ပစ္စည်းများကို ပိုမိုထုတ်လုပ်သွားရန်ရှိသည်ဟုလည်း ပြောကြားထားသည်။

" အရင် သီတင်းပတ် နှစ်ပတ်လောက်က အကွာအဝေး ကီလိုမီတာ ၂,၀၀၀ (မိုင် ၁,၂၄၀)ထိ  ရောက်တဲ့ ပဲ့ထိန်း ဒုံးကျည် ကို ကျွန်တော်တို့ အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါတယ်၊ ပစ်မှတ်ထိမှန်မှုကလည်း အတိအကျပါပဲ" ဟု အီရန်စစ်တပ်မှ ဗိုလ်မှူးချုပ် အလီ အဗ္ဘဒူလာ၏ ပြောကြားချက်ကို ကိုးကား၍ Tasnim သတင်းအေဂျင်စီက ဖော်ပြသည်။

အဆိုပါ နိုင်ငံ၏ ယခင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများမှာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်ပစ်လွှတ်မှုကို တားမြစ်ထားသည့် ကုလသမဂ္ဂ၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အမေရိကန် နှင့် ဥရောပ နိုင်ငံအချို့ ကပြောကြားထားခဲ့သည်။ သို့ရာတွင် ယင်းဒုံးကျည်များသည် နျူကလီးယား ထိပ်ဖူးတပ်ထားခြင်းမရှိကြောင်း အီရန် နိုင်ငံဘက်မှ ပြန်လည်ချေပထားခဲ့သည်။

အီရန် နိုင်ငံအနေဖြင့် ယမန်နှစ်ကာလအတွင်းက အနောက်အုပ်စု နှင့် နျူကလီးယား ဆိုင်ရာ သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီး ဇန်နဝါရီလက နျူကလီးယားနှင့်ဆက်နွယ်နေသည့် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင်မူ မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုများကြောင့် အမေရိကန်အစိုးရက ယင်းအပေါ်အရေးယူ ပိတ်ဆို့မှုအသစ်များ ပြုလုပ်ထားခဲ့သည်။

သို့ရာတွင်လည်း အီရန် ခေါင်းဆောင် အလီ ခါမေနီက ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုများမှာ ၎င်းတို့၏ နိုင်ငံ အနာဂတ်အတွက်ဖြစ်ကြောင်း၊ နိုင်ငံကာကွယ်ရေးစွမ်းအားကို တိုးမြင့်နိုင်ရန် နှင့် ရန်သူတော်များ၏ ခြိမ်းခြောက်လာနိုင်မှုများမှခုခံချေပနိုင်ရန် ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လက ပြောကြားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly