ရှမ်းပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရန် SSPP တိုက်တွန်း

ရှမ်းပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရန် SSPP တိုက်တွန်း

ချင်းမိုင် ၊ မေ ၇ ။              ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်တော်(RCSS/SSA)နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်(TNLA)တို့အကြား တိုက်ပွဲများ ရပ်တန့်ရေး အမြန်ဆုံး အဖြေရှာကြရန် ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)က တိုက်တွန်းလိုက်သည်။

 “RCSS TNLA တို့အကြား တကျော့ပြန် ပြန်လည် ဖြစ်ပွားသေ လက်နက်ကိုင် ပဋိပက္ခများကို နှစ်ဖက် စစ်ရေးနည်းဖြင့် မဖြေရှင်းကြဘဲ ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အမြန်ဆုံး အဖြေရှာကြရန် အလေးအနက် ထပ်မံ တိုက်တွန်းအပ်ပါကြောင်း” ဟု မေ၇ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

 လက်ရှိ အဆိုပါ လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ပဋိပက္ခတွင် များသောအားဖြင့် SSPP ထိန်းချုပ်နယ်မြေအတွင်း ဖြစ်သောကြောင့် ၎င်းတို့ဘက်က ပဋိပက္ခ ပိုမိုမကျယ်ပြန့်စေရန် ထိန်းသိမ်းခဲ့ရသည့်အပြင် တစ်ဖက်ဖက်အား ပါဝင်စွက်ဖက်ခြင်း၊ အားပေးခြင်း မပြုလုပ်ပဲ အတတ်နိုင်ဆုံး ရှောင်ရှားခဲ့သည်ဟု ပါရှိသည်။

 ယခုအချိန်တွင် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းရန် အထူးရှောင်ရှားရန် လိုအပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည့် ပြည်ထောင်စုကြီးအတွက် အလွန်အရေးကြီးသည့်အချိန်တွင် ယခုကဲ့သို့ လက်နက်ကိုင် ပဋိပက္ခ ပြန်လည် ဖြစ်ပွားခြင်းသည် တိုင်းရင်းသား လူမျိုးစုများ၏ အဓိက ရည်မှန်းချက် ပန်းတိုင်ဖြစ်သော စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးကို နှောင့်နှေးမှုများ ဖြစ်ပေါ်စေပါသည်ဟု ဆိုထားသည်။

 တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား အချင်းချင်းကြား ပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် နှစ်ဖက် ထိခိုက်ဆုံးရှုံးမှုရှိသည့်အပြင် ဒေသခံ ပြည်သူများ အိုးအိမ်စည်းစိမ် လုံခြုံရေးကို အထူးစိုးရိမ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

 တိုက်ပွဲကြောင့်  ကျောက်မဲမြို့ ဘုန်းကြီးကျောင်းများတွင် စစ်ပြေးဒုက္ခသည် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေပြီ ဖြစ်သည်။

 နှစ်ဖက် တွေ့ဆုံဆွေးနွေးရန်အတွက် RCSS ဘက်မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံရန် အဆိုပြုထားသလို၊ TNLA ဘက်မှလည်း တရုတ်နယ်စပ် မိုင်းလားဒေသတွင် တွေ့ဆုံရန် ပြောဆိုထားသဖြင့် တွေ့ဆုံမည့် နေရာကို နှစ်ဘက် သဘောတူညီမှုမရသေးကြောင်း ကြားဝင် ဆောင်ရွက်ပေးနေသော ညီညွတ်သော တိုင်းရင်းသားလူမျုးိများ ဖက်ဒရယ်ကောင်စီ(UNFC) ဖွဲ့စည်းထားသော ငါးဦးကော်မတီမှ ဦးထွန်းဇော်က မကြာမီက မဇ္ဈိမကို ပြောဆိုထားသည်။

 RCSS နှင့် TNLA တို့အကြား မေ ၁ ရက်မှ ယနေ့ မေ ၇ ရက်ထိ  မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲ စသည့် မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ မေ ၇ ရက် နံနက်ပိုင်းတွင် နမ့်ဆန်နှင့် သီပေါမြို့နယ်အစပ် သီပေါမြို့နယ် ထန်ဆန့်ကျေး ရွာအထက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags