ရခိုင်လွှတ်တော်တွင် ရေးရာကော်မတီသစ် ၃ ရပ်နှင့်၊ အထောက်အကူပြု ရ ဖွဲ့ စည်းမည်

ရခိုင်လွှတ်တော်တွင် ရေးရာကော်မတီသစ် ၃ ရပ်နှင့်၊ အထောက်အကူပြု ရ ဖွဲ့ စည်းမည်

 မေ ၇ ။               ။ လာမည့် မေလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၆ တွင် ရခိုင်ပြည်နယ် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ပံ့ပိုးအထောက်အကူပြုနိုင်ရန် လွှတ်တော်ရေးရာ ကော်မတီ ၃ ရပ်နှင့် အထောက်အကူပြု အဖွဲ့ ၇ ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ရေးရာကော်မတီ ၃ ရပ်အဖြစ် -  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေး လေ့လာရေးကော်မတီနှင့် ဥပဒေပြုရေးကော်မတီ တို့ဖြစ်ကာ ပြည်နယ်လွှတ်တော် အထောက်အကူပြုလုပ်ငန်းအဖွဲ့ ၇ ဖွဲ့အဖြစ် - ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်လူမှုမြှင့်တင်ရေးအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုလုပ်ငန်းအဖွဲ့၊ စည်ပင်သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများအဖွဲ့၊ လယ်ယာ၊ သားငါး၊ သစ်တောနှင့် ဆည်မြောင်းလုပ်ငန်းများအဖွဲ့၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့နှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များဆိုင်ရာအကြံပေးအဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အသစ်ဖွဲ့စည်းမည့် ရေးရာကော်မတီများနှင့် အထောက်အကူပြုအဖွဲ့များတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက မဇ္ဈိမကို အတည်ပြု ပြောကြားခဲ့သည်။

"ဒါကတော့ လွှတ်တော်ကို ရခိုင်အမျိုးသားပါတီက ထိန်းချူပ်ပြီး ဖြစ်တဲ့အတွက် အသစ်ဖွဲ့မယ့် ရေးရာကော်မတီတွေ၊ အထောက်အကူပြုအဖွဲ့တွေမှာ ANP ကိုယ်စားလှယ်တွေ ပါဝင်လာမှာပါ။ လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတွေကလည်း ANP ကပဲလေ။ ဒါက အစိုးရအဖွဲ့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က အစိုးရအဖွဲ့မှာပဲ မပါဝင်ဘူးလို့ ပြောထားတာ"

မေလ ၉ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးအတွက် ယနေ့ မေလ ၆ ရက်နေ့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဦးဆောင်သည့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော် ၄၇ နေရာတွင် ၂၃ နေရာထိ အနိုင်ရရှိပြီး လွှတ်တော်တွင်း ကိုယ်စားလှယ်အများဆုံး ပါတီတစ်ခုလည်း ဖြစ်သည့်အပြင် လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌ နေရာများကိုလည်း ရရှိထားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့် ရရှိရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း NLD ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ မရခဲ့သဖြင့် ရခိုင်အမျိုးသားပါတီအနေနှင့် လွှတ်တော်ကို ထိန်းချူပ်ထားနိုင်ရန်သာ ကျန်ရှိတော့ကြောင်း ဦးခိုင်ပြည်စိုးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly