လက်ရှိသတ်မှတ်ထားသည့် အနည်းဆုံးလစာ တနေ့ ၃၆၀၀ကို အလုပ်သမားများ ညှိနှိုင်းပေးရန် လုံးဝမရှိတော့

လက်ရှိသတ်မှတ်ထားသည့် အနည်းဆုံးလစာ တနေ့ ၃၆၀၀ကို အလုပ်သမားများ ညှိနှိုင်းပေးရန် လုံးဝမရှိတော့

ရန်ကုန်၊ ဇူလိုင် ၃ ။    ။ အနည်းဆုံ လုပ်ခလစာ သတ်မှတ်ချက်နှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ တစ်နေ့ ၃၆၀၀ သတ်မှတ်ချက်ကို အလုပ်သမား အဖွဲ့ငါးဖွဲ့က နောက်ဆုံးအဆင့်အဖြစ် လက်ခံကြောင်း နှင့် ထပ်မံညှိနှိုင်းပေးရန် လုံးဝမရှိတော့ဟု ဇူလိုင် ၃ရက်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံ အလုပ်သမားများသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းဆရာ ဆရာမများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်၊ရွေ့ပြောင်းအလုပ်သမားများ အဖွဲ့ချုပ် တို့မှ ပူးပေါင်း၍ ထုတ်ပြန် လိုက်ခြင်းဖြစ် သည်။

ယင်းထုတ်ပြန်ချက်ကို အလုပ်သမား ဝန်ကြီးဌာနသို့ နှစ်ပတ်အတွင်း တင်ပြသွားမည်ဟု  မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် မှ ဒုဥက္ကဋ္ဌ ဦးထွန်းဝေက မဇ္ဈိမကို ပြောသည်။

"အခုလုပ်ငန်းရှင်တွေက ကျပ် ၃၆၀၀ကိုတောင် ကန့်ကွက်တယ်။ သူတို့လုပ်ငန်းတွေမှာ အခက်ခဲတွေ ရှိလို့ဆိုလို့ အလုပ်သမားတွေက တောင်းဆိုထားတဲ့ လေးထောင်ကနေ လျှော့ပေးလိုက်တာပါ။ အခုခေတ်ဈေးနှုန်းနဲ့က မကိုက်ဘူး ၂၅၀၀ ကတော့ လုံးဝကို မဖြစ်နိုင်ဘူး။ ၂၅၀၀ ဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေ ထပ်ဖြစ်ဦးမှာပါပဲ"ဟု ၎င်းကပြောသည်။

အလုပ်သမားများက ၂၀၁၂ခုနှစ်မှ စတင်ပြီး အနည်းဆုံး လုပ်ခလစာ တစ်နေ့ ၈နာရီစာ ကျပ် ၇၀၀၀၊ ၆၀၀၀၊ ၅၆၀၀တို့ အသီးသီး ဆောင်းဆိုခဲ့ပြီး နောက်ဆုံးတွင် ကျပ် ၄၀၀၀ သတ်မှတ်ပေးမှသာ လက်ရှိ အနေအထားတွင် အဆင်ပြေမည် ဟု တောင်းဆိုခဲ့သည်။ သို့သော် လက်ရှိတွင် အစိုးရက တစ်ရက် ၈နာရီစာ ၃၆၀၀ သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။

လုပ်ငန်းရှင်များဘက်ကမူ ကျပ် ၂၅၀၀သာ ပေးလိုသည်ဟု ဇူလိုင် ၃ရက်က သဘောထားခံယူပွဲ လုပ်ကာ တောင်းဆိုလိုက်သည်။

ဇူလိုင် ၃ရက်က ရန်ကုန်မြို့ ကုန်သည်များ နှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တက်ရောက်လာသည့် လုပ်ငန်းရှင်များထဲတွင် ကိုရီးယား၊ ဂျပန်၊ ဂျာမန်စက်ရုံများက ကျပ် ၃၆၀၀ပေးရန်လည်းအခက်ခဲရှိကြောင်း တင်ပြထားသည်ဟု လည်း စက်မှုကုန်ထုတ်သူများအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

"အဲဒါကြောင့် မပေးရေးကို  သဘောထားခံယူထားပြီးဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

လုပ်ငန်းရှင်များဘက်က ၃၆၀၀ နှုန်းထားအား လက်ထောင် ကန့်ကွက်သည့်အပြင် ကန့်ကွက်ခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်းဖောင် ကို လုပ်ငန်းရှင် အယောက် ၁၀၀က ဖြည့်စွက်ခဲ့ပြီး နှစ်ပတ်အတွင်း ဝန်ကြီးဌာနထံ တင်ပြသွားမည်ဖြစ်သည်။

ယနေ့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် စက်ရုံလုပ်ငန်းရှင်များထဲတွင် ဖိနပ်စက်ရုံ၊ ဆံပင်အတုစက်ရုံ၊ လျှပ်စစ် ပစ္စည်းထုတ်လုပ် သည့်စက်ရုံ၊စားသောက်ကုန်လုပ်ငန်းနှင့် အိတ်ချုပ်လုပ်ငန်းတို့မှ လုပ်ငန်းရှင် အယောက်  ၁၅၀ ဝန်းကျင် တက်ရောက်ခဲ့သည်။

ဇူလိုင် ၂ရက်ကလည်း UMFCCIတွင် အထည်ချုပ် လုပ်ငန်းရှင် ၂၀၀ကျော်ကလည်း အစည်းအဝေးလုပ်ကာ ကန့်ကွက်ခဲ့သေး သည်။ ယင်းအပြင် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် အထည်ချုပ်စက်ရုံ ၃၀ နှင့် ကိုရီးယား အထည်ချုပ်စက်ရုံ ၆၀ကို စက်တင်ဘာတွင် ပိတ်သိမ်းမည်ဟုလည်း ဆိုခဲ့သည်။

တောင်ဒဂုံ စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းရှိ M. Buwon Electronic လျှပ်စစ်ပစ္စည်းကုမ္ပဏီမှ စက်ရုံပိုင်ရှင်က "အရင်က အခြေခံလုပ်ခ တစ်နေ့ကို ၁၆၀၀ နှုန်းကို ၂၅၀၀ အထိတော့ တိုးပေးနိုင်ကြောင့် လစာကိုးရာနှုန်းတက်လိုက်တဲ့အတွက် ထုတ်လုပ် မှုဘက်ကို အလုပ်သမားဘက်ကလည်း တိုးပေးဖို့ အဆိုပြုလွှာ ထည့်သွင်း ရေးသားခဲ့တယ်"ဟု ပြောသည်။

အနည်းဆုံး တစ်နေ့လုပ်ခလစာ ၃၆၀၀ကျပ်ကို ဇွန်လ ၂၉ရက်က အလုပ်သမား ဝန်ကြီးဌာန လက်အောင်ရှိ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီက သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ရက်ပေါင်း ၆၀အတွင်း ကန့်ကွက်ပါ က ပြင်ဆင်၊ ဖြည့်စွက်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး ကန့်ကွက်မှု မရှိပါက အတည်ပြုပေးရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly