မုံရွာ၊ မေ ၅ ။ ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာအား လိုက်နာခြင်း မရှိသည့်အတွက် ကြေးနီထုတ်လုပ်မှုအား မေ ၅ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
လက်ပံတောင်းတောင်ဒေသမှ တုံကျေးရွာအုပ်စု၊ ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင်၊ စသည့်ကျေးရွာ တို့မှ ဒေသခံ ၃၀၀ ကျော်ခန့်ပါဝင် ဆန္ဒပြ ခဲ့ကြသည်။
"အစီရင်ခံစာကို လိုက်နာမှုမရှိပဲ ကြေးနီထုတ်လုပ်မှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်လည်း ကန့်ကွက်သွားမှာဖြစ်ပါတယ်။"ဟု ဆန္ဒထုတ်ဖော်ပွဲ ပါဝင်ခဲ့သူ မစန္ဒာက ပြောသည်။
ယင်းပြင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင်သည်ဟု ဆိုကာ လယ်ယာမြေများအား ခြံစည်းရိုးခတ်ခဲ့ သည့်အတွက် အဆိုပါ ခြံစည်းရိုးအတွင်းရှိ လယ်ယာမြေများ အတွက် သီးနှံလျော်ကြေးကိုလည်း တောင်းဆိုခဲ့ကြသည်။
"ခြံစည်းရိုးခတ်တဲ့ထဲမှာ လျော်ကြေး မယူတဲ့ လယ်ယာမြေတွေ ပါဝင်သွား ခဲ့တယ်။ ဒါ့ကြောင့်မို့ လျော်ကြေးမယူတဲ့ လယ်ယာမြေများ အတွက် သီးနှံလျော်ကြေး ရရှိဖို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။"ဟု ဆန္ဒထုတ်ဖော်ပွဲ ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ပုသိမ် မုံရွာလမ်းဆုံမှ မြန်မာဝမ်ပေါင် ကုမ္ပဏီ ရုံးရှေ့သို့ သွားရောက် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်အင်အားလည်း အများအပြား ချထားမှု ရှိခဲ့သည်။
ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် သီးနှံလျော်ကြေးရရှိရန်အတွက် လက်ပံတောင်းတောင်ဒေသခံများမှ မကြာခဏ ဆန္ဒပြတောင်းဆိုမှုများ ရှိခဲ့သည်။