ကနေဒါတောမီးကြောင့် မြို့လုံးကျွတ် နေရပ်ပြောင်းရွှေ့

ကနေဒါတောမီးကြောင့် မြို့လုံးကျွတ် နေရပ်ပြောင်းရွှေ့

ဖို့မတ်မာရေး၊ မေ ၄ ။            ။ ကနေဒါနိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းရာ ဖို့မတ်မာရေးမြို့ရှိ နေထိုင်သူ ၆၀၀၀၀ နီးပါးမှာ မြို့လုံးကျွတ်နေရပ်ပြောင်းရွှေ့ခဲ့ရသည်။

တောမီးက အိမ်အတော်များများကို လောင်ကျွမ်းပျက်စီးစေပြီး လမ်းပေါ်တွင် ပြာမှုန့်များ ဖုံးလွှမ်းသွားစေသည်။

မြို့သူမြို့သားများ တောမီးမှ အလုအယက်ထွက်ပြေးကြခြင်းကြောင့် မြို့အဝင် အဓိကလမ်းမကြီးတွင် ပိတ်ဆို့မှုများဖြစ်နေသည်။

အယ်ဘာတာပြည်နယ်အတွင်းရှိ ယင်းမြို့တွင် ယခုကဲ့သို့ အစုအပြုံလိုက် နေရပ်ထွက်ခွာကြခြင်းသည် ပြည်နယ်သမိုင်းတွင် အကြီးမားဆုံးလည်းဖြစ်သည်။

“အပြင်ကိုလှမ်းကြည့်လိုက်ရင် ပြာတွေ ကျနေတာတွေ့ရတယ်။ လေထဲမှာ ပြာမှုန်တွေ စီးမျောနေသလိုပဲ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

အနီးနားရှိ မြို့များအနေဖြင့်လည်း စိုးရိမ်နေရပြီး တောမီးမှာ လက်ရှိတွင် တောင်ပိုင်းမှာ ဖို့မတ်မာရေးမြို့သို့ ဦးတည်ရာ လမ်းမကြီးအထိ ပျံ့နှံ့လောင်ကျွမ်းနေပြီဖြစ်သည်။

မီးသတ်သမားများက မီးငြှိမ်းသတ်နိုင်ရေး လုပ်ဆောင်လျက်ရှိပြီး ဒေသအာဏာပိုင်များက မီးငြှိမ်းသတ်ရေး အင်အားဖြည့်အဖြစ် ရေဖျန်းရဟတ်ယာဉ်များကို ခေါ်ယူထားသည်။

လက်ရှိအထိ အထိအခိုက်ဒဏ်ရာရသေဆုံးမှု သတင်းမသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly