Taxi ယာဉ်မောင်းနဲ့ စီးတဲ့ ခရီးသည် ဘယ်လို တွေးမိကြပါလိမ့်

Taxi ယာဉ်မောင်းနဲ့ စီးတဲ့ ခရီးသည် ဘယ်လို တွေးမိကြပါလိမ့်

မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရောက်ရှိလာတဲ့ ပေးစာများထဲမှ တင်ပြပုံမတူပေမယ့် အကြောင်း အရာတူတဲ့အတွက် စာနှစ်စောင်ကို တစ်ပေါင်းတည်း ဖော်ပြလိုပါတယ်။ သူတို့ရေးလိုက်တဲ့ အကြောင်း အရာကတော့ Taxi လို့ခေါ်တဲ့ အငှားယာဉ်များအကြောင်းဖြစ်ပြီး တစ်ဦးက ယာဉ်မောင်းဖြစ်ပြီး နောက်တစ်ဦးကတော့ အငှားယာဉ်စီးတဲ့ ခရီးသည်ဖြစ်ပါတယ်။ ပထမဦးစွာ ခရီးသည်တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်မှာနေတဲ့ ဒေါ်သီတာခိုင် ရေးလိုက်တဲ့ စာကို ဖော်ပြလိုက်ပါတယ်။

စာရေးခဲ့သူဟာ ဌာနဆိုင်ရာ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်ပြီး သက်ပြည့်မဟုတ်ဘဲ ဆေးနဲ့ အငြိမ်းစားယူခဲ့သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အခြားရောဂါနဲ့ ဒူးနာရောဂါကြောင့် အပြင်ကို ကိစ္စတစ်ခုခုနဲ့ သွားရင် မှတ်တိုင်ကနေ စီးရတဲ့ လိုင်းကားကို မစီးနိုင်ဘဲ Taxi ပဲ အမြဲစီးနေရသူ ဖြစ်ပါ တယ်။ ကားငှားတဲ့အခါ တစ်ခါတည်းနဲ့ ဘယ်တော့မှ အဆင်မပြေဘဲ ၃-၄ စီး ဈေးပြောပြီးမှ အဆင်ပြေ တက်ပါတယ်။ အဆင်မပြေတာကတော့ ဈေးနှုန်းပါ။ အမြဲစီးနေသူဖြစ်တဲ့အပြင် ဒီနေ့ ကုန်စည်ဈေးနှုန်း တွေကို သိနေလို့ တန်ရာတန်ဖိုး ပြောပေမယ့် အချို့အငှားယာဉ်တွေဟာ အဆမတန် ပိုလိုချင်တက်ကြ တယ်လို့ ပြောပါတယ်။ သူနေတဲ့ အလုံ ၄ လမ်းနဲ့ ရွှေတိဂုံဘုရားဆိုတာ အလုံလမ်းအတိုင်းသွားရင် နီးလို့ အရင် ၁၀၀၀ ကျပ်လောက်ပဲ ပေးလိုရရတာကို ကားသမားတွေက ၂၀၀၀၊ ၂၅၀၀ ကျပ် တောင်းကြပါတယ်။ ဈေးဆစ်ရင် အချို့ကားသမားတွေကတော့ ၁၅၀၀ ကျပ်နဲ့ လိုက်ကြပါတယ်။ ဒီလိုပဲ ရန်ကုန်မြို့ထဲက အလုံနဲ့ နီးနီးလေးကို ၂၅၀၀-၃၀၀၀ တောင်းကြပါတယ်။ သူတို့ကို ပြောရင် လမ်းပိတ်တယ်ဆိုပြီး ကျသင့်တာထက် ပိုယူနေကြပါတယ်။ အငှားယာဉ်စီးတဲ့ ခရီးသည်တိုင်းဟာ ဘဝင်မြင့်လို့ ငွေပေါနေလို့ ငှားစီးကြတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ အခြားအခြေအနေ အရပ်ရပ် တွေကြောင့် ၂၀၀ ကျပ်ပဲ ပေးရတဲ့ လိုင်းကားမစီးဘဲ အငှားယာဉ် ငှားစီးကြတာပါလို့ ရေးပါတယ်။

အငှားယာဉ်တွေကို ဈေးနှုန်းတစ်ပြေးညီ ဖြစ်အောင်လို့ အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့ကြ တာတွေ ကြုံဖူူးပါတယ်။ တကယ်မထိရောက်ပဲ ဟန်ပြသက်သက် လုပ်ဆောင်ခဲ့ကြတာပါ။ အငှားကား တွေမှာ မီတာတပ်ရမယ်ဆိုပြီး လုပ်ခဲ့တုန်းက တိကျတဲ့ ကျသင့်ငွေပေးရတော့မယ်ဆိုပြီး ပြောခဲ့ဖူးပါ တယ်။ ပြီးတော့ အငှားယာဉ်တွေ အချို့မှာ တပ်ဆင်ထားတာ တွေ့ပေမယ့် ဘာမှ ဖြစ်မလာသလို နောက်တော့လည်း ပြန်ဖြုတ်ထားကြတာ တွေ့ရပါတယ်။ မလွဲမရှောင်သာလို့ အငှားယာဉ် ငှားစီးရသူ တွေအတွက် ကားတွေမှာ မိတာတပ်ပြီး ကျသင့်ငွေ ပေးရတဲ့ အခြေအနေမျိုး ဖြစ်ချင်ပါတယ်။ ဒါဆိုရင် ပိုတောင်းတဲ့ ကားသမားတွေကိုလည်း ဈေးစစ်စရာမလိုဘဲ စိတ်ချမ်းမြေ့စွာနဲ့ စီးရတဲ့အတွက် ပြည်သူ တွေက တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြမှာ ဖြစ်တယ်လို့ ရေးလာခဲ့ပါတယ်။

နောက်တစ်စောင်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မျာ နေတဲ့ အငှားယာဉ်မောင်း ဦးမြစံ ဖြစ်ပါတယ်။ သူရေးလာတဲ့စာမှာ သူဟာ အငှားယာဉ်မောင်းတစ် ဦးဖြစ်ပြီး မဇ္ဈိမ စာဖတ်သူကဏ္ဍကို ဖုန်းကနေ ဖတ်ရတဲ့အတွက် သူတို့ အငှားယာဉ်မောင်းတွေရဲ့ အခက်အခဲကို တာဝန်ရှိသူတွေသိအောင် ဖော်ပြလိုတဲ့အတွက် စာရေးခဲ့တာကို ဖော်ပြပေးစေလိုပါ တယ်တဲ့။ သူ Taxi မောင်းတာ ၁၀ နှစ်ကျော်ပြီဖြစ်သလို ခရီးသည်ပေါင်းများစွာနဲ့လည်း ကြုံဖူးပါတယ်။ Taxi ယာဉ်မောင်းတွေမှာလည်း လူအမျိုးမျိုးရှိတဲ့အတွက် Taxi တွေအပေါ် အဆိုးမြင်နေသူတွေကို လည်း သိစေချင်သလို တာဝန်ရှိသူတွေကိုလည်း သိစေချင်လို့ ဒီစာကို ရေးတာဖြစ်တယ်လို့ ရေးပါ တယ်။ သူတို့ Taxi မောင်းသူတွေအနေနဲ့ အုံနာခ၊ ဆီဘိုးနဲ့ ပြုပြင်စရိတ်တွေအတွက် ခရီးသည်တွေ အများဆုံး စီးတက်တဲ့ အချိန်တွေမှာ အပြေးအလွှား ဆွဲရပါတယ်။ ဒီနေ့ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ အထွေထွေ ကုန်ကျစရိတ်တွေကြောင့်ကို အများသိဖြစ်နေလို့ မပြောတော့ပါဘူး။ Taxi သမားမှာလည်း လူအမျိုးမျိုးမို့ အချို့က ယူသင့်တဲ့နှုန်းကိုပဲ တောင်းကြပေမယ့် အချို့ကတော့ လိုတာထက် ပိုတောင်း တက်ကြပါတယ်။ ဒါပေမယ့် လောကရဲ့ ထုံးစံအတိုင်း မကောင်းသတင်းက ပိုပြီး ကြီးမားတက်တာမို့ Taxi သမားဆိုရင် ဈေးပိုတောင်းတက်တယ်လို့ ထင်နေ၊ ပြောနေကြတာကို မဟုတ်ဘူးလို့တော့ မငြင်းလိုပါဘူး။ ဒါပေမယ့် Taxi သမားတွေရဲ့ အခက်အခဲကိုလည်း ခရီးသွား ပြည်သူတွေအနေနဲ့ စာနာနားလည်ပေးစေလိုပါတယ်။ ရန်ကုန်မြို့ထဲမှာ ကားတွေပိတ်နေလို့ မိနစ် ၂၀ လောက်နဲ့ မောင်းရင်ရတဲ့ ပန်းဆိုးတန်းနဲ့ ရန်ကင်းကို ၁ နာရီခွဲကျော်ကျော် ဘီးတလိမ့်ချင်း မောင်းနေရတဲ့ Taxi တွေကို ကားမပိတ်အောင် ဘယ်သူတွေက လုပ်ပေးမှာလဲဆိုတာလည်း သိချင်ပါတယ်။

အဆိုးဆုံးကတော့ Taxi ကားတွေ အဆမတန် များပြားလာလို့ ကားသမားတွေမှာ ခရီးသည် ရဖို့ ခက်ခဲပါတယ်။ လျှောက်ပတ်မောင်းနေရင် ကုန်မယ့် ဆီကိုလည်း စဉ်းစားရပါတယ်။ Taxi ယာဉ်ရပ် နားစခန်းက သတ်သတ်မှတ်မှတ် တိတိကျကျ မရှိပါဘူး။ ဒါကြောင့် ရောက်တဲ့နေရာမှာ ခဏရပ်နေရင် ကရိန်းကားက လာဆွဲလို့ မကြာခဏ ဒဏ်ငွေဆောင်နေရတဲ့ Taxi ယာဉ်မောင်းတွေရဲ့ ဘဝကို တာဝန် ရှိသူများ နားလည်ပေးစေချင်ပါတယ်။ ရန်ကုန်မြို့အနေအထားနဲ့ Taxi ဘယ်နှစ်စီး ရှိသင့်တယ်လို့ တာဝန်ရှိသူများအနေနဲ့ သတ်မှတ်ပြီး ပြေးဆွဲစေတဲ့ ပုံစံမျိုး ဖြစ်စေချင်ပါတယ်။ ကားပိရတဲ့ အကြောင်း အရင်းက လမ်းပေါ်မှာ Taxi တွေ အဆမတန် များပြားနေလို့ ဖြစ်ရတယ်ဆိုတာလည်း ပါဝင်တာကို သူ့အနေနဲ့ လေ့လာတွေ့ရှိရတယ်လို့ ပြောပါတယ်။ ခရီးသည်က ပြည်သူဖြစ်သလို ယာဉ်မောင်းက လည်း ပြည်သူပါပဲ။ ပြည်သူတွေရဲ့ ဘဝကို ပြောင်းလဲစေချင်တယ်ဆိုရင်တော့ သူတို့ ယာဉ်မောင်းတွေ ရဲ့ ဘဝကိုလည်း ပစ်ပယ်မထားဘဲ အလေးအနက်ထား စဉ်းစားပေးပြီး သင့်တင့်လျောက်ပတ်တဲ့ ဥပဒေတွေနဲ့ စီမံပြဌာန်းသင့်ပါကြောင်း တင်ပြလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags