ရေမျောလာသည့် လိင်ဖျော်ဖြေအရုပ်ကို မသိနားမလည်သည့် ရွာသားများက နတ်သမီးအဖြစ် ပသ

ရေမျောလာသည့် လိင်ဖျော်ဖြေအရုပ်ကို မသိနားမလည်သည့် ရွာသားများက နတ်သမီးအဖြစ် ပသ

ဂျကာတာ၊ မေ ၃ ။              ။ လေသွင်းထားသည့် လိင်ဖျော်ဖြေရုပ်တစ်ရုပ်သာဖြစ်သော်လည်း ကမ်းပေါ် ရေမျောလာတင်သည့် လှပသည့် ထိုအရုပ်ကို အင်ဒိုနီးရှားရွာသားများက မသိနားမလည်၍ ကောင်းကင်ဘုံက နတ်သမီး သက်ဆင်းလာပြီး ကောင်းချီးပေးခြင်းတစ်ရပ်အဖြစ် ယူဆသွားတော့သည်။

ကျေးရွာဝန်းကျင် လူမှုအသိုင်းအဝန်းအတွင်း ကောင်းကင်ဘုံက ယင်းကဲ့သို့ ကောင်းချီးပေးလာသည်ဆိုသော သတင်းက တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး လူမှုမတည်ငြိမ်မှုများကို ဖြစ်ပွားလာစေသည်။

ဆူလာဝေစီ အစွန်အဖျား ဘိုင်ဂိုင်းကျွန်းစုတွင် ငါးဖမ်းသမား တောရွာသား ပါဒင်က ယင်းအရုပ်ကို စတင်တွေ့ရှိခြင်းဖြစ်သည်။

နေကြတ်ခြင်းနှင့် ပတ်သက်ပြီး အယူအစွဲရှိကြသည့် ကမ္ဘာ့ မွတ်စလင်ဦးရေ အများဆုံးနေထိုင်ရာ အင်ဒိုနီးရှား၌ ထိုအရုပ်ကို တွေ့ရှိခဲ့သည်က မတ်လအတွင်း နေအပြည့်ကြတ်မှုဖြစ်ပေါ်ပြီး   နောက်တစ်ရက်တွင် ဖြစ်သည်။ ယင်းကဲ့သို့ အရုပ်အား နေကြတ်မှုအပြီး တွေ့ရှိလိုက်ခြင်းဖြင့် ကျေးရွာသူရွာသားများကြား အယူသည်းမှု အစွဲအလန်းကို ဖြစ်ထွန်းသွားစေသည်။

အဆိုပါ လေသွင်းလိင်ဖျော်ဖြေအရုပ်ကို တွေ့ရှိသူ ပါဒင်က ကယ်လုပါပီကျေးရွာရှိ သူ့နေအိမ်သို့ ယူဆောင်လာခဲ့ပြီး နတ်သမီးကောင်းချီးပေးရာအဖြစ် အလေးအနက်ထား ပသနေခဲ့သည်။

ပါဒင်၏ အမေဖြစ်သူက ယင်းအရုပ်ကို နတ်သမီးအဖြစ် အဝတ်အစားများ ဆင်ပေးကာ နေ့စဉ် မွတ်စလင်ခေါင်းမြီးခြုံပုဝါကို အသစ်လဲလှယ်ပေးသည်။ ငါးဖမ်းခရီးထွက်ရာတွင်လည်း အရုပ်ကို လှေဦးက တင်ကာ ထွက်ကြသည်။

နတ်သမီးက မတည်ငြိမ်မှုများကို ယူဆောင်လာလိမ့်မည်ဟူသော စိတ်ခံစားမှုများ ကျေးရွာသူကျေးရွာသားများကြား မြင့်တက်လာပြီးနောက် ရဲက ယင်းကိစ္စတွင် ဝင်ရောက်ပါဝင်ရကာ အဖြစ်မှန်ကို ဖော်ထုတ်ပြလာရတော့သည်။

“ကျွန်တော်တို့ ကြားရတာတွေကတော့ အများကြီးပဲ။ ကြွေကျသက်ဆင်းလာတဲ့ နတ်သမီးက သူ့ကို လူတွေ တွေ့ချိန်မှာ ငိုကြွေးနေတယ်ဆိုတာတွေလည်း ကြားရတယ်။ ကျွန်တော်တို့ အဲဒီရွာကို ရောက်သွားတော့ တွေ့ရတာက လူ့ပြည်ကို ကြွေကျလာတဲ့ နတ်သမီးဆိုတာ အရုပ်တစ်ရုပ်ပဲ။ အရုပ်တောင် ရိုးရိုးအရုပ်မဟုတ်ဘူး။ လိင်ဖျော်ဖြေအရုပ်တစ်ရုပ်ဆိုတာပဲ။ ဒီနယ်မှာက အင်တာနက်မရှိဘူး။ လိင်ဖျော်ဖြေရုပ်ဆိုတာကိုလည်း သိဖူးကြားဖူးမြင်ဖူးကြတာ မဟုတ်ဘူး။”ဟု ရဲအကြီးအကဲ ဟီရူပရမ်မူကာနိုက ပြောသည်။

ရဲများက စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ယင်းအရပ်ဒေသတွင် အမျိုးမျိုးပျံ့နှံ့နေသည့် အရုပ်နှင့် ပတ်သက်သည့် ကောလဟလများ နိဂုံးချုပ်သွားရန် အရုပ်ကို သိမ်းဆည်းကာ ရဲစခန်းသို့ ယူဆောင်လာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly