ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် WESTERN PARK RUBY ဗုံးတွေ့မှုတို့အတွက်ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များချမှတ်

ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် WESTERN PARK RUBY ဗုံးတွေ့မှုတို့အတွက်ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များချမှတ်

ရန်ကုန် ဇူလိုင် ၃ ။       ။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းက ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ (ယခင်ကုန် သည်ကြီးများဟိုတယ်) ဗုံးပေါက်ကွဲမှုနှင့်WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုစသည့်ဖြစ်စဉ်များအတွက် ကျူးလွန်သူစောမြင့်လွင် (ခ) မောထကို ဇူလိုင် ၃ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက် တစ်ကျွန်းအပါအဝင် အခြားထောင်ဒဏ် များချမှတ်လိုက်သည်။

ယင်းဖြစ်စဉ်များအတွက် စောမြင့်လွင်(ခ)မောထကို ပေါက်ကွဲစေတတ်သည့်  ဥပဒေပုဒ်မ ၃၊ ရွှေဖူး ကုမ္ပဏီပိုင်ရှင်ဦးမြဖူးနှင့် ယာဉ်မောင်းကိုဇော်လတ်မော်  တို့ကိုပေါက်ကွဲစေတတ်သည့် ဥပဒေပုဒ်မ ၆ တို့ဖြင့်စွဲချက်တင်ထားပြီး ၎င်း တို့နှစ်ဦးတွင် အပြစ်မရှိသဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက တရားသေ လွှတ်ပေးလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၄၊ သြဂုတ်လအတွင်းက တရားစွဲဆိုခံထားရသူများကိုစစ် ဆေးစဉ်တွင် စောမြင့်လွင်က KNLA တပ်ဖွဲ့မှဗိုလ်မှူးစောနေတိုး၏ ခြိမ်းခြောက်ခိုင်းစေချက်အရ WESTERN PARK RUBY စားသောက်ဆိုင်ဗုံး ထားခြင်းကို မိမိတစ်ဦးတည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့ပြီး ဦးမြဖူးနှင့်ကိုဇော်လတ်မော်တို့နှစ်ဦးက ၎င်းတို့တွင် အပြစ်မရှိ ဟု တရားရုံးတွင်အသီးသီးထွက်ဆိုခဲ့ကြသည်။

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေရှန်ဂရီလာ (ယခင်ကုန်သည် ကြီးများဟိုတယ်) ဗုံးပေါက်ကွဲမှု အတွက်စောမြင့်လွင် (ခ) မောထ ကို ၁၉၀၈ ပေါက်ကွဲစေတတ်သည့်ဥပဒေပုဒ်မ ၃ အရထောင်ဒဏ်တစ်သက် တစ်ကျွန်းနှင့် နာကျင်စေမှုပုဒ်မ ၃၃၈ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်တို့ကို သီခြားစီကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး (၅) ကအမိန့်ချ မှတ်လိုက်သည်

အလားတူအလုံမြို့နယ်ရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးခွဲရန်ကြံစည်မှုအတွက် ပေါက်ကွဲစေ တတ်သည့် ဥပဒေပုဒ်မ ၄ ဖြင့်အလုပ် နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယ  ခရိုင်တရားသူကြီး (၂) ကအမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလ ၁၄ ရက်က ကျောက်တံတားမြို့  နယ်အတွင်းရှိ ယခင်ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသူအမျိုးသမီးတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိပြီး ယင်းနေ့တွင်ပင်အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် မပေါက်ကွဲသေးသည့်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်နှင့် တတိယပတ်ဝန်း ကျင်က ရန်ကုန်တိုင်းအတွင်းရှိ စော်ဘွားကြီးကုန်း၊ သာကေတမြို့နယ်တို့ တွင် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုနှင့်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ပြီး၊  မြန်မာနိုင်ငံ အတွင်းရှိမြို့ကြီး များတွင်လည်း ဗုံးပေါက်ကွဲမှုကြောင့်လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုဖြစ်စဉ်များ၊ ဗုံးလန့်မှုများဆက်တိုက်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly