၂၁ရာစု ပင်လုံညီလာခံအတွက် KNU နှင့် RCSS တွေ့ဆုံဆွေးနွေး

၂၁ရာစု ပင်လုံညီလာခံအတွက် KNU နှင့် RCSS တွေ့ဆုံဆွေးနွေး

ချင်းမိုင် ၊ မေ ၂ ။              ။ ၂၁ ရာစုပင် လုံညီလာခံနှင့် ဖက်ဒရယ်နှင့် ပတ်သက်၍ ယခင်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက်နက်ရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသော ကရင်အမျုးိသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးသည်။

မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အေင်ဆန်းစုကြည်က ဧပြီ၂၇ ရက်က ပြုလုပ်သော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC-U) အစည်းအဝေးတွင် ၂၁ ရာစုပင်လုံ ညီလာခံကို တစ်လ၊ နှစ်လအတွင်း ကျင်းပ လိုကြောင်း ပြောဆိုခဲ့ပြီးနောက် ဧပြီ ၃၀ ရက်မှစတင်ကာ နှစ်ဖက် ခေါင်းဆောင်များ ဆွေးနွေးနေခြင်း ဖြစ်သည်။

အစိုးရ သစ်နှင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်မူနှင့် ၂၁ ပင်လုံ ညီလာခံတွင် တင်ပြနိုင်မည့် အချက်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ပင်လုံ ညီလာခံအတွင်း တင်ပြဆွေးနွေးရန် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု RCSS/SSAကဒုဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

“အစိုးရ သစ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လို ပြန်ပြီး စတင်မယ်ဆိုတာ တစ်ချက်၊ နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကလည်း ပင်လုံ ညီလာခံကို နှစ်လအတွင်းမှာ ဆွေးနွေးမယ်ဆိုတဲ့ အပေါ်မှာ ကျနော်တို့ အမြင် သဘောထားအနေနဲ့ ပထမ ပင်လုံဆိုတဲ့ နေရာမှာ ဖက်ဒရယ်ကို ဦးတည်ပြီး တည်ဆောက်လာခဲ့တဲ့ ပင်လုံပေါ့နော်။ အခု ထပ်ပြီးတော့ သွားမဲ့ ပင်လုံဟာ ဘယ်လို ပင်လုံမျိုးလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးတာ ဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ယခင်အစိုးရနှင့် သဘောတူညီခဲ့သော NCA တွင် ပါဝင်သော အကောင်အထည်ဖော်ရာတွင်လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများအပေါ် ပြန်လည် သုံးသပ်ခဲ့ကြသည်ဟု သူက ပြောသည်။

ထိုဆွေးနွေးပွဲသို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သောအဖွဲ့နှင့်RCSS/SSA ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။

KNUနှင့် RCSS/SSA တို့သည် ယခင်အစိုးရနှင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့(EAO-PPST)ဦးဆောင်သည့် အဖွဲ့နှစ်ဖွဲ့လည်း ဖြစ်သည်။

ဆွေးနွေးမှုကို မနက်ဖြန် မေလ ၂ ရက်ထိ ပင်လုံကတိကဝတ်၊ ပင်လုံ စာချုပ်နှင့် ပင်လုံစိတ်ဓါတ် ဟူသော သဘောထား များအပေါ် ပြန်ပြီး သုံးသပ်ဆွေးနွေးကြမည် ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

ဆွတ်ဇာလန်နိုင်ငံမှ ပညာရှင် တစ်ဦးက တခြားနိုင်ငံ ၂၇ နိုင်ငံမှ ဖက်ဒရယ်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်ဟု RCSS/SSA ၏ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ်၊ ရှမ်းသံတော်ဆင့်၏ အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags