လုံလောက်စွာ ရေဖြန့်ဖြူးနိုင်ရေးအတွက် မိုးတုရွာရန် ထိုင်းဝန်ကြီးချုပ် အမိန့်ထုတ်

လုံလောက်စွာ ရေဖြန့်ဖြူးနိုင်ရေးအတွက် မိုးတုရွာရန် ထိုင်းဝန်ကြီးချုပ် အမိန့်ထုတ်

ဘန်ကောက်၊ မေ ၂ ။               ။ ရေဖြန့်ဖြူးနိုင်ရေးအတွက် ဆည်တာတမံများတွင် ရေလုံလောက်စွာရှိနေရန်အတွက် မိုးတုရွာချနိုင်ရေး အာဏာပိုင်များအား ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ထုတ်ထားသည်။

ဝန်ကြီးချုပ်၏ ညွန်ကြားအရ နိုင်ငံအနှံ့ရှိ တော်ဝင်မိုးတုစီမံကိန်းစင်တာများက မိုးတုရွာချနိုင်အောင် ပြင်ဆင်လုပ်ဆောင်လျက်ရှိပြီဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဆန်ဆာရန်က ပြောသည်။ မိုးတုရွာချမည့် စီမံချက်က မည်သည့်အချိန်တွင် စတင်မည်ဖြစ်ကြောင်းကိုမူ ၎င်းက အသေးစိတ်ပြောကြားခြင်း မရှိပေ။

မြစ်ညှာရှိဆည်တာတမံများတွင် ရေဖြည့်တင်းနိုင်ရန် မိုးတုရွာလေယာဉ်များဖြင့် ရွာချပေးသွားမှာဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဆန်ဆာရန်က ပြောသည်။

မိုးခေါင်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ယခုစီမံချက်ကို ဖော်ဆောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အဆိုးဝါးဆုံးကြုံတွေ့ရာဒေသများသို့ မိုးတုဖြင့် ဖြည့်တင်းထားသည့် ရေများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ရုံးပိတ်ရက်က မိုးသည်းထန်စွာရွာထား၍ စိုထိုင်းစမြင့်တက်နေခြင်းက မိုးတုရွာရန်အတွက် အထောက်အကူဖြစ်နေကြောင်းလည်း ဆန်ဆာရန်က ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက မိုးသည်းထန်စွာရွာ၍ ရေကြီးမှုများ ကြုံတွေ့နေသည့် ပြည်သူများအတွက် ဝန်ကြီးချုပ်ချန်အိုချာက ပူပန်မှုရှိနေကြောင်းလည်း ၎င်းက ပြောသည်။

ထိုရေဘေးကြုံပြည်သူများကို ထိထိရောက်ရောက် ကူညီပေးရန်လည်း ဒေသအာဏာပိုင်များနှင့် စစ်တပ်တာဝန်ရှိသူများကိုလည်း ဝန်ကြီးချုပ်က ညွန်ကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly