အုတ်ကျစ်ကျော် ဧ မန္တလေး

30 April 2016
အုတ်ကျစ်ကျော် ဧ မန္တလေး

ရှေးမြန်မာ ပညာရှိတွေဟာ သမိုင်းမှာ အထင်ကရ မှတ်သားရမယ့် အရာတွေ ကိန်းဂဏန်း အရေအတွက်နဲ့ တွဲဖက်ဖော်ပြပြီး နှောင်းလူတွေ မှတ်သားလို့လွယ်အောင် စာချိုးခဲ့ကြ မှတ်သားပေးခဲ့ကြတတ်ပါတယ်။ ဒီလို ကိန်းဂဏန်းနဲ့ စာချိုးဖေါ်ပြခြင်းခံရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများအပြားရှိပါတယ်။

ဒီလို ကိန်းဂဏန်းနဲ့ စာချိုးပြီး ဖေါ်ပြခံရတဲ့ မြို့တွေထဲမှာ ကျမတို့ရဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ မန္တလေးလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မန္တလေးကိုကြတော့ “အုတ်ကျစ်ကျော်ဧ” မန္တလေးဆိုပြီး မှတ်သားစေခဲ့ပါတယ်။ မန္တလေး မြို့တည်နန်းတည် နှစ် ဖြစ်ပါတယ်။

“လှည်းဝန်ရိုးသံ တညံညံ” ဘုရာဘုရားပေါင်း၊ “သဇင်ပန်းခိုင် တမြိုင်မြိုင်” ရခိုင်ဘုရားပေါင်း စတဲ့ ရွတ်ဆိုရလွယ်ကူတဲ့ စာချိုးလေးတွေနဲ့ အဲဒီဒေသတွေမှာ ရှိကြတဲ့ ဘုရားစေတီအရေအတွက်ကို မှတ်သားစေတဲ့ ဒီစာချိုးလေးတွေကြောင့်လည်း ကျမတို့ဟာ အလွယ်တကူ မှတ်သားလို့ လွယ်ကူစေခဲ့ပါတယ်။  ဘိုးတော်ဘုရားလက်ထက်မှာ သွန်းလုပ်ပူဇော်ခဲ့တဲ့ လက်ရှိကမ္ဘာ့တတိယအကြီးဆုံး မင်းကွန်းခေါင်းလောင်းကြီးဆိုရင်လည်း “မင်းဖြူမှန်မှန်ပြော” ဆိုတဲ့ စာချိုးလေးနဲ့ သွန်းလုပ်ထားတဲ့ ကြေးပိသာအလေးချိန်အရေအတွက်ကို မှတ်သားထားကြရပါတယ်။

ဒီလိုမှတ်သားတဲ့နည်းဟာ မြန်မာ့ နက္ခတဗေဒ အက္ခရာ နေ့နံနည်းနဲ့ မှတ်သားတယ်လို့ပဲ အလွယ်ပြောရမှာပါ။

မြန်မာ့နေ့နံတွေဖြစ်တဲ့ တနင်္ဂနွေကအစ စနေအဆုံး နေ့နံအလိုက် မြန်မာအက္ခရာတွေကို အတွဲလိုက်သတ်မှတ်ပေးထားပြီး။ အဲဒီလိုပဲ ကိန်းဂဏန်းတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့်လည်း စာချိုးလေးတွေမှာ ထည့်သုံးထားတဲ့ အက္ခရာတွေကို ကိန်းဂဏန်းတွေနဲ့ ဖလှယ်ယူနိုင်အောင် ဆန်းသစ်တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ မြောက်ဘက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို မိုင်ပေါင်း ၄၀၀ လောက် ခရီးနှင်လာပြီးတဲ့နောက်မှာတော့ မြန်မာ့ယဉ်ကျေးမှုတွေ ထွန်းကားရာ၊ ကုန်ဘောင်မင်းဆက် နောက်ဆုံး မင်းနေပြည်တော် ရတနာပုံ မန္တလေးမြို့တော်ကို ရောက်လာပါပြီ။

ရန်ကုန် မန္တလေး အဝေးပြေးဘတ်စ်ကားကြီးတွေက အများအားဖြင့် ညပိုင်းမှာပဲ မောင်းနှင်ကြပါတယ်။ ဒါပေမယ့် ကျမကတော့ လမ်းဘေးဝဲယာ ဒေသရှုခင်းတွေကို မြင်တွေ့ခွင့်ရဖို့ နေ့ခင်းပိုင်း ပြေးဆွဲတဲ့ကားကို ရွေးပြီး စီးခဲ့ပါတယ်။ အခု မန္တလေးကို ရောက်ပြီဆိုတော့ ဘတ်စ်ကားစီးချိန်က ၈ နာရီလောက် ကြာခဲ့ပါပြီ။

ကားဂိတ်ကိုရောက်တာနဲ့ တခြားမြို့တွေနဲ့ မခြား မြင်တွေ့မယ့် မြင်ကွင်းတခုပါပဲ။ ခရီးသည်ရဖို့ ပြေးပြီး စောင့်ကြိုနေကြတဲ့ အငှားယဉ်မောင်းသမားတွေပဲဖြစ်ပါတယ်။

မန္တလေးမြေမှာ ကျမ ခြေချမိပါပြီ။ ရှေးပဝေသဏီကတည်းက မြန်မာ့ရှေးဘုရင်တွေ အခြေချရာ နေရာ၊ ရတနာပုံ ရေနန်းတော်ကြီးရှိရာနေရာ .. သီပေါဘုရင် ပါတော်မူရာ နေရာ … ဒီဒေသမှာ ကျမအတွက် လေ့လာစရာတွေ ကုန်ဆုံးနိုင်လိမ့်မယ်တောင် မထင်မိခဲ့ပါဘူး။

မန္တလေးတောင်ပေါ်ကိုရောက်ပြီဆိုရင်တော့ အရောင်တလက်လက် တောက်ပနေတဲ့ မှန်စီရွှေချလေးဒေါင့်တိုင်ကြီးတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားတန်ဆောင်း ကျောင်းဆောင်ကြီးတွေကို တွေ့ကြရမှာပါ။

မြန်မာမှု အနုပညာလက်ရာ မှန်စီရွှေချ ပန်းကွက်ကြားတွေနဲ့ ခမ်းနားထည်ဝါမှုတွေ၊ ဘာသာတရားနဲ့ ငြိမ်းချမ်းမှုကိုလည်း ကျမ ခံစားမိပါတယ်။

ဘုရားဖူးလာသူတွေ ကုသိုလ်ယူသူတွေကလည်း နေ့စဉ်နဲ့ အမျှ စည်ကားနေပြီး တည်ငြိမ်အေးချမ်းတဲ့ နေရာတခုရဲ့ ပုံသဏ္ဍာန် ပေါ်လွင်နေပါတယ်။

ယုံကြည်ကိုးကွယ်သူတွေရဲ့ သဒ္ဒါထက်သက်မှုနဲ့အတူ အလှူအတန်းပေးထားကြတဲ့ ကမ္ဗည်းမှတ်တမ်းတွေကလည်း အများအပြားတွေ့ရပါလိမ့်မယ်။

ကျမ မန်းတလေးတောင်ပေါ်မှာ လျှောက်သွားရင်းနဲ့ တွေ့တာက ၁၉၄၅ ခုနှစ် မတ်လက ဗြိတိသျှဝေလမင်းသားရဲ့ ဂေါ်ရခါးတပ်ကနေပြီးတော့ ဖက်ဆစ်ဂျပန်တွေကို စစ်အောင်တဲ့အနေနဲ့ ရူပီး ၂၅၀၀ လှူဒါန်းခဲ့တဲ့ ကမ္ဗည်းဆိုင်းဘုတ်လေးကို တွေ့ရပါတယ်။ တဖက်မျက်နှာမှာ ဗမာလို ရေးထိုးထားတာဖြစ်ပြီးတော့ ဟိုဘက်မှာဆိုရင်တော့ သူတို့ ဂေါ်ရခါးတပ်ရဲ့ တံဆိပ်ရယ် ကမ္ဗည်းရေးထိုးထားတာကိုလည်း တွေ့ရပါမယ်။

မန္တလေးတောင်ဆိုတာ မြေပြင်အထက် ပေပေါင်း ၅၀၀ ကျော်သာရှိနေပေမယ့် အရှေ့ဘက် ရှမ်းရိုးမတောင်ကြီးကိုလည်း ရှုမျှော်မဆုံး တွေ့ရမှာဖြစ်ပါတယ်။ အနောက်ဘက်မှာတော့ ဧရာဝတီမြစ်ကြောင်းကြီးနဲ့ တောင်ဘက်မှာတော့ မန္တလေးမြို့တော်ကြီးကို အပေါ်စီးကနေ အုပ်မိုးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ခေတ်နဲ့အတူ ပြောင်းလဲလာတဲ့ မန္တလေးမြို့ရဲ့ လူနေအိမ်တွေ၊ နန်းတော်မြို့ရိုးကြီးကိုလည်း တွေ့ကြရမှာပါ။

ဘုရားစေတီပုထိုးတွေ ပေါများလှတဲ့ မန္တလေးတောင်ဟာ မြို့တော်ကြီးရဲ့ ဂုဏ်ကျက်သရေနဲ့အတူ ရှေးဟောင်း ရာဇဝင်တွေ၊ ဇာတ်လမ်းတွေနဲ့ ပြည့်စုံရာ ဌာနေတခုလည်း ဖြစ်လို့နေပါတယ်။

မန်းတလေးတောင်သမိုင်းရဲ့ ၇ ဦးမြောက် ဘုရားဒါယကာလို့ ဆိုကြတဲ့ ရသေ့ကြီး ဦးခန္တီဟာ မန်းတလေးတောင်အကြောင်း ပြောရင်တော့ မပါမဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးလို့ ပြောရမှာပါ။

ရသေ့ကြီးဦးခန္တီဟာ မြန်မာပြည်အနှံ့ သာသနာရေးဆိုင်ရာ အဆောက်အအုံတွေအများအပြားကို ဦးဆောင်တည်ဆောက်ပေးခဲ့သူဖြစ်ပါတယ်။

ကောဇာသက္ကရာဇ် ၁၂၆၉ ခုနှစ်ကစလို့ မန္တလေးတောင်ကို ရောက်လာပြီး ဘုရားစေတီ အဆောက်အအုံတွေကို ပြုပြင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တာကြောင့် မန္တလေးတောင် ရသေ့ကြီးလို့တောင် ပြောနေကြပါတယ်။

ဒါ့အပြင်  မန္တလေးတောင်ပေါ်မှာ လာရောက်သူတိုင်း သွားကြည့်လေ့ရှိတဲ့ မွေကြီးနှစ်ကောင် ရုပ်ထုတွေကိုလည်း တွေ့နိုင်မှာပါ။

ဒီ မန္တလေးတောင်ပေါ်ကို လာရောက်ကြတဲ့ ဘုရားဖူးခရီးသွားတွေဟာဆိုလို့ရှိရင် မြွေကြီးနှစ်ကောင်ဆီကိုလာပြီးတော့ အလှူဒါန ကုသိုလ်ပြုကြတာကိုလည်း တွေ့ရတယ်။ ဒီ မြွေကြီးရဲ့ ပါးစပ်အတွင်းမှာ ဒီမြွေကြီးရဲ့ ဦးခေါင်းကိုသပ်ပြီးတော့မှ အဓိဌာန်ပြုဆုတောင်းတာကိုလည်း တွေ့ရတယ်။

ရှေးအခါက မန္တလေးတောင်ပေါ်မှာ ထူးထူးခြားခြားရှိခဲ့ဖူးတဲ့ မြွေကြီး ၂ ကောင်ရဲ့ အကြောင်းကတော့ ကြာခဲ့ပါပြီ။ ထင်ကြေးဇာတ်လမ်းအမျိုးမျိုးနဲ့ နာမည်ကျော်ခဲ့တဲ့ မြွေကြီး ၂ ကောင်ကြောင့် မန္တလေးတောင်မှာ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားစေခဲ့ပါတယ်။ မြွေကြီးတွေမရှိတော့တဲ့နောက် ရသေ့ကြီးဦးခန္တီကပဲ မြွေကြီးတွေရဲ့ ရုပ်ပုံကို သံနဲ့သွန်းလုပ်ပေးခဲ့တာကြောင့် ဒီနေ့အချိန်အထိ လေ့လာကြည့်ရှုစရာအဖြစ် ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

ရှေးခေတ်ရာဇဝင်တွေထဲက သမိုင်းကြောင်းတွေနဲ့အတူ မန္တလေးတောင်ပေါ်မှာ လေ့လာစရာအများအပြား ကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။

ရတနာပုံနေပြည်တော်ကြီးဖြစ်လာမယ့် ဗုဒ္ဓဘုရားဗျာဒိတ်တော်အကြောင်းနဲ့  သမိုင်းကြောင်းကို ထုလုပ်ပုံဖေါ်ခဲ့ကြတဲ့ စန္ဒမုခီ ဘီလူးမရုပ်တုကြီးလည်း ရှိနေပါတယ်။

သာသနာနှစ် ၂၄၀၀ အကျော်မှာ သာသနာပြု မင်းတပါး ထွန်းကားလာမယ့် ဗျာဒိတ်တော်နဲ့အတူ ရတနာပုံနေပြည်တော်ကြီးဟာ မင်းတုန်းမင်းကြီးလက်ထက်မှာ ပေါ်ပေါက်ခဲ့ပြီလည်းဖြစ်ပါတယ်။

မန္တလေးတည်နေရာနဲ့ မြို့သစ်တည်ရတဲ့ အကြောင်းအရင်းကို စာရေးဆရာ ဆူးငှက်က အခုလို ရှင်းပြပါတယ်။

“အပူပိုင်းတကယ့်ကို ဖုံထူ နေပူတဲ့နေရာကြီးမှာ ဘာကြောင့် မြို့သစ်တည်တာလဲပေါ့။ ဒီမြို့သစ်တည်တဲ့ ကာလ ရွေးချယ်မှုက သူထီးနန်းက အမရပူရမှာ ထီးနန်းစံခဲ့တယ်။ အောက်မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းထားတယ်။ သူပိုင်တာ အထက်မြန်မာပြည်ပဲ ပိုင်တယ်။ အဲတော့ အထက်မြန်မာပြည်မှာ ထီးနန်းအသစ် ပြန်တည်မယ်ဆိုရင် ဒီနေရာကလွဲလို့ ဘယ်နေရာမှာမှ မတည်နိုင်ဘူး။ ရွေးချယ်ဖို့က ဒါပဲ အဲတော့ ဒီနေရာကလွဲလို့ အရှေ့ဘက်ကြည့်လိုက်တော့ သူမြို့တည်မယ့်နေရာ ပေါ့ဗျာ ကြည့်လိုက်တော့ အောင်ပင်လယ်ကန် ရှိတယ်။ အောင်ပင်လယ်ကန်ဆိုတာက အခုသာ သာမန် လယ်ကွင်းတွေပဲ ရှိခဲ့တာကိုး အဲဒီ ကာလတုန်းက အောင်ပင်လယ်ကန်ဟာ အလျား ၇မိုင်နဲ့ အနံ ၃မိုင်လောက် ရှိတဲ့ကန် ပုဂံခေတ်ကတည်းက ဆယ်ခဲ့တဲ့ ကန်ကြီး တကယ့်ကို ရေတွေ အပြည့်နဲ့  ကန်ကြီး တစ်ခါ မန္တလေးတောင်ရဲ့ မြောက်ဘက်မှာ နန္ဒာကန် သူကလည်း အောင်ပင်လယ်ကန်နဲ့ အလားတူ ဆယ်ခဲ့တဲ့ ကန် ဒီနှစ်ကန်ကလည်း ဘယ်လောက် နာမည်ကြီးလည်း ဆိုရင် ရှေ့တုန်းက မန္တလေး သီချင်းတွေထဲမှာကို စပ်ခဲ့တဲ့ဟာ တစ်ခါ တောင်ဘက်ကြည့်လိုက်တော့ ရှိပြီးသား တောင်သမန်အင်း ရှိတယ်။ နောက်တစ်ခါ ဇောင်းကလောကန်ဆိုတာ ရှိတယ်။ အခု တစ်သိန်းအင်းဆိုတာ ရှိတယ်။ နောက် အနောက်ဘက်က ဧရာဝတီမြစ် ရေပတ်လည်ဝိုင်းနေတဲ့ နေရာမှာ တည်ခဲ့တာ တည်ပြီးတော့ သူ့ နည်းသူဟန်နဲ့ မြောင်းတွေ ပြန်ဖောက်ပြန်ရော တောင်မြောက် မြောင်းတွေ ဖောက်တယ်။ အရှေ့မြောက် မြောင်းတွေ ဖောက်တယ်။ သူရဲ့ မြို့တော်ကြီးကိုလည်း ပတ်ပတ်လည်မှာ ကျုံးနဲ့ ပတ်လိုက်ပြန်တယ်။ ဒီလိုတည်ခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူနေမှု စရိုက်နဲ့ အသွားအလာ ကျွန်တော်တို့ ရိုးရာ ဓလေ့နဲ့ အကုန်လုံးကို ဆက်စပ်ပြီးတော့ ရှိနေခဲ့တာကိုး”

မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်ကစလို့ မင်းတုန်းမင်းကြီး တည်ထောင်ခဲ့တဲ့ ရတနာပုံမြို့သစ်ကြီးဟာ လေးဘက်လေးတန် တမိုင်ကျော်ရှည်တဲ့ အုတ်ရိုးကြီးတွေနဲ့ ဒီနေ့ အထင်အရှား တွေ့မြင်နေရပြီဖြစ်ပါတယ်။

စတုရန်းပုံမြိုရိုးကြီးနဲ့ နန်းတော်ကြီးအပါအဝင် လူနေရပ်ကွက်တွေဟာလည်း စတုရန်းပုံ အကွက်ချပေးထားပုံတွေဟာလည်း မြို့ရဲ့ အပေါ်စီးကနေကြည့်ရင် အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။

မန္တလေးမြို့ဟာ နေရာဒေသ အချက်အခြာကျသလို ဒီနေ့အချိန်ထိ ထင်ရှားနေဆဲဖြစ်တဲ့ ဈေးချိုတော်ကြီးဟာလည်း ထူးထူးခြားခြား ရှိနေပါတယ်။

ဒီဈေးချိုတော်ကြီးဟာ မင်းတုန်းမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ဈေးချိုတော်ကြီးဖြစ်ပါတယ်။ ခေတ်ကာလကြာညောင်းလာတာနဲ့အမျှ ပြုပြင်ပြောင်းလဲထားတဲ့ ခေတ်သစ်ဒီဇိုင်းအမြင်နဲ့ မြင်တွေ့ရမယ့် ဈေးချိုတော်ကြီးဖြစ်ပါတယ်။ ဒီဈေးချိုတော်ကြီးအတွင်းမှာတော့ ငပိ ငါးခြောက် ကုန်မျိုးစုံ ပိုးထည်ချည်ထည် အစရှိသဖြင့် ရောင်းချတယ်ပေါ့နော် ဒါပေမယ့် ဒါပေမယ့် အရင်ခေတ်ကနဲ့ မတူတော့ပဲ … ဒါကတော့မန္တလေးဆေးချိုတော်ရဲ့ မနက်ခင်းမြင်ကွင်းလေးပါ။

မင်းတုန်းမင်းလက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ ဈေးချိုတော်ကြီးဟာ မကြာခဏဆိုသလို မီးလောင်ခံခဲ့ရတာကြောင့် အင်္ဂလိပ်လက်ထပ်မှာ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။

မြန်မာ့ နေ့နံမှတ်သားနည်းနဲ့ပဲ အုတ်ကာသွပ်မိုးဆိုပြီး ၁၂၆၅ ခုနှစ်မှာ ပြုပြင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီဈေးချိုတော်ကြီးကို အီတလီ ဗိသုကာဆရာကြီးက ပုံစံဆွဲတည်ဆောက်ခဲ့တာဖြစ်ပြီး အီတလီနိုင်ငံ မီလန်မြို့က ဈေးကြီးတခုရဲ့ ပုံစံလို့လည်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

အခုတော့ ခေတ်ကာလအလိုက် ပြုပြင်မှုတွေနဲ့အတူ ဈေးချိုတော်ကြီးဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီလို့တောင် ပြောနေကြပါပြီ။

ခေတ်ဟောင်း ရောင်းဝယ်မှု ဓလေ့တွေကလည်း ကာလရွေ့လျားမှုနဲ့အတူ ပြောင်းလဲသွားခဲ့ပါပြီ။ ဒီအကြောင်းတွေကိုလည်း စာရေးဆရာဆူးငှက်က ဆက်ပြီးရှင်းပြပါတယ်။

“မင်းတုန်းမင်း မန္တလေးမြို့ ပန္နက်တည်ကတည်းက ဈေးချိုတော်ဆိုတဲ့ နေရာတဲ့ သေချာ ပန္နက်ရိုက်ပေးခဲ့တာ။ ဒီမှာ ဈေးလာရောင်းချကြတယ်။ ဈေးရောင်းချတဲ့အခါ တူရာအစုကိုပဲ ရောင်းတာ။ ဒီနေရာ ငါးပိ ငါးခြောက်တန်း ဒီနေရာ ဆန်ရောင်းတာ။ ဒီနေရာ သစ်သီးရောင်းတာ ဒီနေရာ ရွှေရောင်းတာ အစရှိသဖြင့် ဒီလိုတွေ သွားတာကိုး။ သူက ကျေးလက်နဲ့လည်း တလျှောက် ဆက်သွယ်တဲ့ ပုံစံဖြစ်တော့ ဈေးချိုတည်တာတောင်မှ ဘယ်နေရာ တည်လည်းဆိုတော့ ဘိုးတော်ဘုရာ ခေတ်ကတည်းက ရှိခဲ့တဲ့ ရွှေတစ်ချောင်းမြောင်း ရဲ့ အရှေ့ဘက်မှာ တည်ခဲ့တာ။ ဘာလို့လဲဆိုတော့ ဒီမြောင်းက အရင်တုန်းက လှေတွေ သမ္မန်တွေ သွားလို့ရတဲ့မြောင်း ဒါလူလုပ်တဲ့မြောင်း အဲဒီလှေတွေ သမ္မန်တွေက ဘယ်သွားလည်း ဟိုမြောက်ဘက်က မတ္တရာ နယ်တကြောသွားတာ။ အဲဒီနယ်က ဘာလဲ။ ဟင်းသီးဟင်းရွက် စတဲ့ သစ်သီး တော်တော်များများ ထွက်တဲ့နယ်။ နောက် ဆန်းစပါးထွက်တယ်။ အဲတော့ မြို့ရဲ့ ရိက္ခာ ထောက်ပံ့ရေး အတွက် အသုံးတည့်သော လမ်းပန်း ရေလမ်းကြောင်းပေါ်မှာ ဈေးကိုတည်ပေးတာ။ ဒါမျိုးတွေ သူတု့ိခေတ်ရဲ့ စဉ်းစားဉာဏ်နဲ့ တည်ခဲ့တာဟာ”

မန္တလေးမြို့ရဲ့ ဈေးချိုတော်အကြောင်းကို ပြောလို့ ရှိရင် ဈေးချိုနာရီစင်ကြီးကိုတော့ ထားခဲ့လို့ မရပါဘူးရှင်။ ဒီဈေးချိုနာရီစင်ကြီးဟာ ဆိုလို့ရှိရင် ဒီဈေးချိုတော်နဲ့ အတူတွဲပြီးတော့ ဆောက်ခဲ့တယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ ဈေးချိုတော်ကြီး အရင်ဆောက်ပြီးမှ ဈေးချိုနာရီကို ဆောက်တာ ဖြစ်ပါတယ်။ ဈေးချိုနာရီစင်ကြီးကို ဘာဖြစ်လို့ ဆောက်ခဲ့တာလဲ ဆိုလို့ ရှိရင် ဒီဝီတိုရီယ ဘုရင်မရဲ့ နန်းသက် နှစ်၆၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီအင်္ဂလိပ်တွေက ဆောက်ခဲ့တဲ့ ဈေးချို နာရီစင်ကြီး ဖြစ်တယ်။ အရင်ခေတ်က ဆိုလို့ ရှိရင် လူတိုင်း လူတိုင်းဆီမှာ နာရီ မဆောင်နိုင်တဲ့အတွက် ဈေးချိုနာရီစင်ကြီးဟာ အရမ်းကို အသုံးဝင်တယ်လို့ သိရတယ်ရှင့်။

မန္တလေးဈေးချိုတော်နဲ့ နာရီစင်ကြီးဟာ နန်းမြို့ရိုးရဲ့ အနောက်တောင်ဒေါင့် ဘယ်မှာ တည်ထားတာဖြစ်ပြီး မြို့တော်ရဲ့ ဗဟိုအချက်အခြာနေရာ လို့လည်း ပြောနိုင်ပါတယ်။

ရှေးခေတ် ရတနာပူရ အင်းဝဘုရင်မင်းဆက်ကနေ ဒေသရွေ့လျားပြီး ဘိုးတော်ဘုရားလက်ထက် အမရပူရမြို့သစ်တည်ပြီးနောက် မင်းတုန်းမင်းကြီး လက်ထက်မှာတော့ ရတနာပုံ မန္တလေးမြို့သစ်ကြီးအဖြစ် ဆင့်ကဲ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

အခုဒီမှာမြင်တွေ့ရတာကတော့ သုဓမ္မာဇရပ်ရဲ့ ဇရပ်အဆောင်၁၁ ဖြစ်ပါတယ်။ ဒီသုဓမ္မာဇရပ် ဆိုတာကတော့ ရတနာပုံခေတ် မန္တလေးမြို့ကိုတည်ခဲ့တဲ့ မင်းတုန်းမင်းကြီးရဲ့ ကုသိုလ်ကောင်းမှု ဖြစ်ပါတယ်။ မင်းးတုန်းမင်းက ဒီသုဓမ္မာဇရပ် တွေကို ဆောက်လုပ်လှုဒါန်းခဲ့တာ ဆိုလို့ ရှိရင် နယုန်လမှာ သံဃာတော်တွေ စာပြန်ပွဲတော် လုပ်ဖို့အတွက် သုဓမ္မာဇရပ် အဆောင်တွေကို ဆောက်လုပ် လှုဒါန်းခဲ့တာ ဖြစ်တယ်။ အဓိက ကတော့ စာပြန်ပွဲတော် လုပ်ဖို့အတွက် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ သံဃာတော်တွေက နယုန်လမှာဆိုလို့ ရှိရင် ဒီသုဓမ္မာဇရပ်ကို လာပြီးတော့ စုဝေးတယ်ပေါ့နော်။ အဲလိုစုဝေးတဲ့ သံဃာတော်တွေနောက်ကို လိုက်လာတဲ့ လူပုဂ္ဂိုလ်တွေ တဲဖို့အတွက်ဆိုပြီးတော့ ဒီသုဓမ္မာဇရပ် တွေကိုလည်း ဆောက်လုပ်တာဖြစ်တယ်။ စပြီးဆောက်တုန်းက ဒီသုဓမ္မာဇရပ် အဆောင် ၃၃ ဆောင်ရှိတယ်ပေါ့နော်။ ခေတ်ကာလ ကြာညောင်းလာတဲ့နဲ့ အမျှ သဘာဝ ဘေးအန္တရာယ်တွေရယ် မီးဒဏ်ခံရတာတွေကြောင့် အခုဆိုရင် ၁၃ ဆောင်ပဲ ရှိပါတော့တယ်။ ပျက်စီးယိုယွင်းသွားတဲ့ ဇရပ်တွေ ရှေ့မူလတိုင်း မပျက်စီးဘဲ ရတနာပုံခေတ်က လက်ရာအတိုင်း ပြန်လည်ပြုပြင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇရပ်ကို ဆောက်ထားတာဆိုလို့ ရှိရင် အင်မတန်ထူးခြားတယ်ပေါ့နော်။ သံအကူကရိယာ မပါဘဲနဲ့ သစ်သားအချင်းချင်း ဖောက် ထွင်းပြီးတော့မှ ချိတ်ဆက် ဆောက်လုပ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဖြတ်လာခဲ့ပြီးသည့်တိုင် မပျောက်မပျက် တည်ရှိနေခဲ့တဲ့ မန္တလေးြမို့အကြောင်းကို ဆရာဆူးငှက်ကပဲ အခုလို ရှင်းပြပါတယ်။

“မြန်မာပြည်မှာ ရှိတဲ့ ရှေ့ဟောင်း မြို့တော်ကြီးတွေထဲမှာ အကောင်းပတိ နီးနီး  ကျန်ရစ်တာ မန္တလေး တစ်မြို့တော်ပဲ ကျန်ရစ်တာပေါ့နော်။ မြို့တည်ပြီးတော့ မြို့ကြီး လုံးဝ ပျက်သုဉ်းသွားတယ်ဆိုတာ မရှိခဲ့ဘူး။ ဒုတိယ ကမ္ဘာစစ်ဒဏ် ခံလိုက်ရလို့ မြို့ရဲ့ အပျက်စီးဆိုတာပဲ ရှိခဲ့တယ်။ အရင်ရှိခဲ့တဲ့ လူနေမှု စရိုက် အရင်ရှိခဲ့တဲ့ လူနေမှု ပုံစံနဲ့ အရင်ရှိခဲ့တဲ့ မင်းခန်းမင်းနားတွေ အကုန်လုံးက မပျောက်ပျက်ခဲ့ဘူး။ ဒါစစ်ကြောင့်မု့ိတော်တော်များများ ပျက်ခဲ့ပေမယ့်လည်း လူနေမှု စရိုက်က အဲကာလ မပျက်ခဲ့ဘူးပေါ့နော်။ အဲတော့ ကျွန်တော်တို့ မြန်မာ့ရှေ့ဟောင်း မြို့တော်ကြီးတွေရဲ့ ဗိသုကာ ပုံစံကို လေ့လာမလား လေ့လာမယ်ဆိုရင် မန္တလေးက အထင်ရှားဆုံးပဲ။ ရပ်ကွက်တွေ ဖွဲ့စည်းပုံတွေကြည့်ရင် တကယ့်ကို ဗိသုကာ ပုံစံစစ်စစ် မန္တလေးက လေးထောင်ပုံစံနဲ့ ဖွဲ့ခဲ့တာ။ ဒီဝန်းကြီးတွေက အရင်က ဘယ်လိုပုံစံ နေခဲ့ကြလဲ အခုဘယ်လို ဖြစ်သွားပြီလဲ ဒီအပြောင်းလဲ အရင်က နေခဲ့ကြတာ ကျေးလက်ပုံစံကို နေခဲ့ကြတာ။ ပြောကြစို့ဆိုရင် စည်းရိုးမရှိဘူး တစ်အိမ်နဲ့ တစ်အိမ် ဝန်းမရှိဘူး။ ကျေးလက်ပုံစံ အလယ်ခေါင်မှာ ဝန်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ အရှင်သခင် ရဲ့ ဘုရင်ရဲ့ ပေးသနားခြင်း ခံရတဲ့ မင်းညီမင်းသား ဖြစ်လိမ့်မယ်။ ဝန်ကြီး ဖြစ်လိမ့်မယ်။ နောက်စော်ဖွား ဖြစ်လိမ့်မယ်။ သူက နေပြီးတော့ ဘေးပတ်ပတ်လည်မှာက သူရဲ့ အချွေရံတွေ ဒီလိုနေကြတာ။ အဲဒီကနေမှ ပြောင်းသွားတာ ဘယ်လိုပြောင်းသွားလဲဆိုတော့ လက်ရှိမြို့ပြပုံစံ ဖြစ်သွားတဲ့ အခါမှာကြတော့ ဒီဝန်ကြီးထဲမှာ ပတ်ပတ်လည်မှာ မျက်နှာစာတွေမှာ အိမ်တွေ တိုက်တွေက နေရာယူတော့ အတွင်းမှာ ပြွတ်သိပ်ညှပ်နေတဲ့ အစုအဖွဲ့တွေ အကုန် ဖြစ်ကုန်တယ်။ ဖြစ်ကုန်တော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ သဘာဝ ပတ်ဝန်းကျင် ပုံစံအရလည်း မသန့်ရှင်းဘူး။ နောက်တစ်ခုက မီးရေးထင်းရေးအရလည်း စိုးရိမ်စရာ ဖြစ်သွားတယ်။ မြို့ပြပုံစံ ပျက်သွားတယ်။ ရုပ်ဝတ္ထုပိုင်းမှာ စပျက်တယ်။ ပျက်သွားတာနဲ့ တစ်ပြိုင်တည်း ဘာဖြစ်သွားလည်း ဆိုတော့ အရင်လူမှု ဆက်ဆံရေး ပုံစံတွေပါ အကုန်ပြောင်းလဲသွားတယ်။ ”

ဒါကြောင့်လည်း မန္တလေးမြို့တော်တည်ရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဟာ ရှေးခေတ် မင်းဧကရာဇ်တွေ အုပ်စိုးရာ ရာဇဌာနီဖြစ်လို့ နေပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလ စစ်ဘေးဒဏ်တွေ၊ မီးလောင်ကျွမ်းမှုဒဏ်တွေ အလူးအလဲခံခဲ့ရဖူးတဲ့ ရတနာပုံ မန်းတလေးမြို့တော်ဟာ လဲရာကနေ ရုံးထခဲ့ရပါပြီ။

ဒါပေမယ့် ရှေးဟောင်းယဉ်ကျေးမှုနဲ့ လူမှုစီးပွားပုံစံတွေကလည်း အပြောင်းအလဲတွေနဲ့အတူ ခြားနားလာခဲ့ပါပြီ။

မန္တလေးမြို့တော်ဟာ မြန်မာ့ ပန်းဆယ်မျိုးလက်ရာ၊ ယဉ်ကျေးမှု အနုပညာများစွာ ထွန်းကားရာဒေသကြီးလည်းဖြစ်ပါတယ်။

အုတ်ကျစ်ကျော်ဧ မန္တလေး၊ အင်ကြင်းကြာအုံ ရတနာပုံ ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ အခုဆိုရင် နှစ်ပေါင်း တစ်ရာ့ငါးဆယ်တောင် ကျော်လာခဲ့ပါပြီ။