စစ်ကူသွားရန်ပြင်ဆင်နေသည့် ရေစကြိုမှစစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၂ ဦးဒဏ်ရာပြင်းထန်

By ဓါတု (မဇ္ဈိမ)
13 December 2023
စစ်ကူသွားရန်ပြင်ဆင်နေသည့် ရေစကြိုမှစစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၂ ဦးဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်သို့ စစ်ကူအတွက်အင်အားဖြည့်တင်းရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများအား Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး ဒဏ်ရာအပြင်းထန်ရသွားကြောင်း MBT မှထုတ်ပြန်ထားသည်။

မကွေးတိုင်း ရေစကြိုမြို့၊ ရုံးပေါင်းစုံ(ထွေအုပ်ရုံး)တွင် အထိုင်ချထားသော စကစတပ်သားများသည် ပုလဲမြို့ဘက်သို့ စစ်ကူသွားရန် ပြင်ဆင်နေကြောင်း တပ်တွင်းသတင်းပေး(ဖရဲသီး)မှ ဆက်သွယ်သတင်းပေးလာသဖြင့် ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ် ၂ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် MBT ဘက်မှ လက်နက်ကြီး ၄၀ မမ တလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မဇ္စျိမကိုပြောသည်။

" ဒီကောင်တွေ(စစ်ကောင်စီတပ်သား)ပုလဲသွားဖို့ပြင်ဆင်တာ ကျွန်တော်တို့မသိရဘူး။ ဖရဲသီးကဖုန်းဆက်လာလို့သိရတာ၊ အဓိကက အဲ့ဒီဘက်မသွားစေချင်ဘူး။ အဲ့ဒီဘက်က တော်လှန်ရေးသမားတွေအတွက်လည်း အကူညီတခုဖြစ်အောင် ကျွန်တော်တို့လမ်းဖြတ်တိုက်တာ။ ရေစကြိုက အရင်ကလိုလည်းမချောင်တော့ဘူး၊ ဒီကောင်တွေဘက်က ကင်းပုန်းဝပ်တာလည်းရှိတော့ ၄၀ မမ တလုံးပဲ တည့်တည့်ပစ်ပြီး ပြန်ဆုတ်လာရတယ်။ အော်သံတွေကြားလိုက်တယ်"ဟု ၎င်းကဖြေကြားသည်။

ပြောက်ကျားတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာသည့်အချိန်တွင် စစ်ကောင်စီတပ်ဘက်မှ ရမ်းသန်းပစ်ခတ်မှုများရှိသော်လည်း MBT တပ်ဖွဲ့ဝင်များထိခိုက်မှု မရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ ရုံးပေါင်းစုံ(ထွေအုပ်ရုံး)တွင် စစ်ကောင်စီအင်အား ခန့်မှန်း ၁၅၀ ဝန်းကျင်ရှိပြီး တိုက်ခိုက်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီ တပ်သားများအား စစ်ကားဖြင့် ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့နောက်ရေစကြိုမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် လှည့်လည်ကာ သေနတ်များဖြင့်ရမ်းသန်းပစ်ခတ်နေပြီး မဇ္ဈိမာရုံဘုန်းကြီးကျောင်းအား ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းဘုန်းကြီးကျောင်းဘက်မှ ပစ်ခတ်သည်အထင်ဖြင့် စစ်ကောင်စီတပ်မှသွား​ရောက်စစ်ဆေးခဲ့သော်လည်း မည်သူကိုမျှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိသေးကြောင်း ဗိုလ်မိုက်ခဲ၏ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီတပ်မှ ယနေ့စစ်ကူသွားရန်ပြင်ဆင်နေသော အဆိုပါ ပုလဲမြို့နယ်တွင် NUGကြားကာလတရားစီရင်ရေး တရားရုံးကို ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများထိခိုက်သေဆုံးမှုရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#NUG

#ပုလဲမြို့နယ်

#ပြောက်ကျားစနစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly