သင်္ဃန်းညီနောင် ဓာတ်အားခွဲရုံ ပျက်စီးမှုကို စစ်ကောင်စီက တော်လှန်ရေးလက်နက်ကိုင်များကြောင့်ဟု စွပ်စွဲ

By သွင်ထူးဈာန်ကော်သူးလေ(မဇ္ဈိမ)
13 December 2023
သင်္ဃန်းညီနောင် ဓာတ်အားခွဲရုံ ပျက်စီးမှုကို စစ်ကောင်စီက တော်လှန်ရေးလက်နက်ကိုင်များကြောင့်ဟု စွပ်စွဲ

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ ဓာတ်အားခွဲရုံ ပျက်စီးမှုကို စစ်ကောင်စီက တော်လှန်ရေးလက်နက်ကိုင်များကြောင့်ဟု စွပ်စွဲကာ စာထုတ်ထားကြောင်းသိရသည်။

ထုတ်ပြန်စာထဲတွင် ယနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ နံနက် ၆နာရီ ၃၀မိနစ်တွင် KNLA နှင့် PDF တို့သည် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ ၂၃၀ KVဓာတ်အားခွဲစက်ရုံအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

 "မနေ့ညက ပစ်တာ (၃၅၅)တပ်ရင်းနဲ့ သင်္ဃန်းညီနောင်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်တာ အဲ့လက်နက်ကြီးကြောင့် ဓာတ်အားခွဲရုံကို ထိတာ သူတို့ ထုတ်ပြန်ထားသလို မဟုတ်ဘူး၊ ဘာဒရုန်းမှ မလာဘူး၊ မနေ့ညက မီးပျက်သွားပြီး ဆက်တိုက်ထုတာ"ဟု သင်္ဃန်းညီနောင်ဒေသခံတဦးမှပြောသည်။

ခမရ(၃၅၅)တပ်ရင်းကို တော်လှန်ရေးလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်နေခြင်းကြောင့် လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

"ခမရ(၃၅၅)ကို စနိုက်ပါနဲ့ လာလာပစ်တယ်တဲ့၊ တနေ့တနေ့ သုံး လေး  ယောက်ပဲ စစ်ဆေးရုံကို လာထားတာပဲ၊ သူတို့ အပစ်ခံရလို့ လက်နက်ကြီးနဲ့ ပစ်တာ၊ ပစ်မှတ်က မတိကျပါဘူး" ဟု သင်္ဃန်းညီနောင်ဒေသခံတဦးမှပြောသည်။

 ယင်း ဓာတ်အားခွဲရုံ ပျက်စီးမှုနှင့် ပတ်သက်ပြီး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ကို ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။

ဓာတ်အားခွဲရုံ ပျက်စီးမှုကြောင့် မြဝတီမြို့နှင့် အနီးတဝိုက်ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။

ဒီဇင်ဘာ ၁ရက်နေ့မှ စတင်ကာ မြဝတီ ကော့ကရိတ်အာရှကားလမ်းမရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်စခန်းအချို့ ကျဆုံးခဲ့သည်။

 အာရှကားလမ်းမကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိန်းချုပ်ထားကြောင်းသိရသည်။ ယင်းတိုက်ပွဲကြောင့် ကားလမ်းပိတ်ခဲ့ပြီး ထို့ကောကိုးလမ်းဘက်မှ ယာယီဖြတ်သန်းသွားနေရပြီး အာရှကားလမ်းမကြီးတွင် ယာဥ်မောင်းအချို့ ပိတ်မိနေကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly