ကညွတ်ကွင်းမြို့ရှိ ဘုရားငါးဆူကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်

By ရွှေနွယ်(မဇ္ဈိမ)
13 December 2023
ကညွတ်ကွင်းမြို့ရှိ ဘုရားငါးဆူကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်
ပုံအညွန်း − ညောင်ပင်သာရဲစခန်းသိမ်းပိုက်ရရှိစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ရှိ စစ်ကောင်စီ၏ ဘုရားငါးဆူကင်းစခန်းကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။

ထိုသို့ ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂) စစ်ဒေသ၊ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

"ဘုရားငါးဆူ ကင်းစခန်းကို တိုက်ခိုက်တာ လက်နက်တော့ လက်နက်ငယ် ခြောက်လက်ရယ်၊ ရန်သူ့အလောင်း ခုနစ်လောင်းရယ်၊ ခဲယမ်းတွေရယ်သိမ်းဆည်းရရှိပါတယ်ဗျ” ဟု ရဲဘော်တင်ဦးကပြောသည်။

အဆိုပါ ကညွတ်ကွင်း ဘုရားငါးဆူကင်းစခန်းသည် ဖြူးမြို့နှင့် ကျောက်တံခါးမြို့ကြားတွင်ရှိပြီး ရန်ကုန်−မန္တလေးလမ်းပေါ်တွင်ပင် တည်ရှိသည့် စခန်းဖြစ်သည်။

ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်ကလည်း ဖြူးမြို့ ညောင်ပင်သာရဲစခန်းကို ရိုးမစစ်ကြောင်း(၁)၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ BPLA နှင့် KNLA တို့ကတိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးနိုင်ခြေရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တို့က ပြောသည်။

စစ်ကောင်စီကင်းစခန်း သိမ်းပိုက်ခံရသည့် ကညွတ်ကွင်းမြို့တွင်  စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၄၃၉) တည်ရှိပြီး ရဲစခန်းသိမ်းပိုက်ခံရသည့် ညောင်ပင်သာကျေးရွာတွင်မူ ခြေလျင်တပ်ရင်း ခလရ (၅) အခြေစိုက်နေခြင်းဖြစ်သည်။

အလားတူ ကညွတ်ကွင်းနှင့်နယ်မြေထိစပ်လျက်ရှိသည့် ပဲနွယ်ကုန်းမြို့တွင် ခမရ (၃၀၇) တည်ရှိပြီး ဖြူးမြို့တွင်လည်း ဖြူးတပ်ရင်းတခုတည်ရှိနေသည်။

ယနေ့သိမ်းပိုက်ရရှိသည့် စစ်ကောင်စီစခန်းများသည် ရန်ကုန်−မန္တလေးလမ်းပေါ်တွင်တည်ရှိနေခြင်းဖြစ်သည့်အတွက် စစ်ဗျူဟာအရ အရေးပါသောနေရာများဖြစ်ကြောင်းလည်း ရဲဘော်တင်ဦးကပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly