ဝိုင်းမော်တွင် ကြံ့ခိုင်ရေးပါတီဝင် ၃ ဦးကို KIA ဖမ်းဆီး

By အဂမ်(မဇ္ဈိမ)
13 December 2023
ဝိုင်းမော်တွင် ကြံ့ခိုင်ရေးပါတီဝင် ၃ ဦးကို KIA ဖမ်းဆီး
Photo - ဖမ်းဆီးခံထားရသော ဦးထုံဖူးဒဂုဏ်၏ပုံ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် သုံးဦးကို KIA က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

ဖမ်းဆီးခြင်းခံရသူ သုံးဦးလုံးမှာ ရဝမ်တိုင်းရင်းသားများဖြစ်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့က ပန်ဝါဒေသဘက် မှဆင်းလာစဉ် ဝိုင်းမော်မြို့နယ်အရောက်၌ KIA တပ်ဖွဲ့ဝင်များကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

၎င်းတို့သုံးဦးသည် စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင် ရဝမ်ပြည်သူ့စစ် လုပ် ရန်တိုက်တွန်းပြောဆိုမှုများရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ပန်ဝါဘက်ကနေ ဆင်းလာတာ ဝိုင်းမော်ဝင်လာတဲ့အချိန် KIA ကစစ်ရင်းဖမ်းသွားတယ်လို့ ကြားတယ်။ ဖမ်းသွားတာက သေချာတယ်။ သူတို့က ပြည်သူ့စစ်နဲ့ပတ်သက်လို့ စည်းရုံးရေးလုပ်တာတွေကြောင့် ဖမ်းခံ ရတာလို့တော့ ပြောနေကြတာပဲ” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးထုံဖူးဒဂုဏ်၊ ပူ တာအိုခရိုင် ကြံ့ခိုင်ရေးပါတီကော်မတီဝင်များဖြစ်သော ချန်းဂျုံဆားနှင့် ရှင်းဂျာအောင်တို့ ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးထုံဖူးဒဂုဏ်သည် ကြံ့ခိုင်ရေးပါတီဝင်များနှင့် ပူတာအို ဒေသအတွင်း လှည့်လည်သွားလာပြီး လူငယ်များကို စစ်သင်တန်းပို့ချပေးရန်နှင့် လက်နက်တပ်ဆင်ပေး ရန် ပြောဆိုမှုများရှိခဲ့သည်ဟု ပူတာအိုဒေသခံ ရဝမ်မျိုးနွယ်စုအသိုင်းအဝိုင်းက ဆိုကြသည်။

ဦးထုံဖူးဒဂုဏ်အပါအဝင် ကြံ့ခိုင်ရေးပါတီဝင်သုံးဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအ နေကိုသိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly