ကမ္ဘာ့အကြီးဆုံး ဘိန်းဖြူအရင်းအမြစ် မြန်မာဖြစ်လာ

ကမ္ဘာ့အကြီးဆုံး ဘိန်းဖြူအရင်းအမြစ် မြန်မာဖြစ်လာ

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်လာပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်း မငြိမ်သက်မှုတွေ၊ ဘိန်းစိုက်ရာ နယ်စပ် ဒေသတွေမှာ တရားဥပဒေ စိုးမိုးမှု ပိုမို လျော့နည်းလာတာတွေကြောင့် ဘိန်းစိုက်ခင်းတွေ ပိုများလာခဲ့လို့ ဒီဇင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့ (UNODC) ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလက်စ်က က ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ မှာ ဖြစ်ပွားတဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ အစိုးရ ယန္တရား အားနည်းချက်တွေကြောင့် နယ်စွန်နယ်ဖျားက တောင်သူ လယ်သမားတွေဟာ အသက်မွေး အလုပ်အတွက် ဘိန်းစိုက်ခြင်း လမ်းဟောင်းဆီ ပြန်ဦးတည်သွားကြကြောင်း သူက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၃၆ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၀၈၀ တန်ထိ များပြားလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာ အေဂျင်စီ (UNODC)က ခန့်မှန်းထားပါတယ်။

တစ်ဖက်မှာတော့ အစဉ်အလာအရ ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး ဖြစ်လေ့ရှိတဲ့ အာဖဂန် နစ္စတန်ဟာ တာလီဘန်တွေ အာဏာရလာချိန်မှာ ဘိန်းထုတ်နှုန်း ၉၅ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပါတယ်။

တာလီဘန်တွေဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍကို ဖိဖိစီးစီး ကိုင်တွယ်နေပြီး အခုနှစ်မှာ အာဖဂန်ရဲ့ ဘိန်းအထွက်နှုန်းဟာ တန်ချိန် ၃၃၀ ထိ လျော့နည်းသွားတယ်လို့ UNODCက ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေ ပိုတိုးချဲ့ လုပ်လာကြပြီး ငွေအရကောင်းတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

UNODC က မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် က ဘိန်းစိုက်ခင်း ၃၇၀ ကို ကွင်းဆင်းလေ့လာခဲ့ပြီးနောက် တွေ့ရှိချက်ကို အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာခဲ့တာဖြစ်ပြီး ဘိန်းစိုက်တောင်သူတွေရဲ့ ဝင်ငွေကလည်း ၇၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ပြောပါတယ်။

အများဆုံး တိုးချဲ့စိုက်ပျိုးတဲ့နေရာက ရှမ်းပြည်နယ်မှာဖြစ်ပြီး ဧကတစ်သိန်းကျော်၊ ကချင်ပြည်နယ်မှာ ဧက ၁၁၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ ဧက ၁၇၀၀ ကျော်နဲ့ ကယားပြည်နယ်မှာ ဧက ၁၂၀၀ နီးပါး တိုးချဲ့စိုက်ပျိုးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာလည်း ဘိန်းစိုက်ခင်း ဧက ၆၂၀ ရှိနေပြီး ၂၀၁၅ ခုနှစ်ကထက် ငါးဆ ပိုများလာတာတွေ့ရတယ်လို့ UNODC က ဖော်ပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ တနှစ်ထက်တနှစ် ၂၀ ရာခိုင်နှုန်း ပိုပြီး တိုးလာနေတာကို တွေ့ရတာပါ။

အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးတဲ့ ပမာဏက ရှမ်းပြည်နယ်လောက် မများပေမယ့် ၈ နှစ်တာ ကာလအတွင်းမှာ စိုက်ပျိုးမှု ၅ ဆတိုးလာတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒုတိယစိုက်ပျိုးရာသီချိန်မှာ ကောက်ယူထားတာလည်း ဖြစ်ပါတယ်။

ဘိန်းပင်တွေဟာ အရည်အသွေးမြင့် ဟီးရိုးအင်း မူးယစ်ဆေး ချက်လုပ်ရာမှာ အဓိက အကျဆုံး ပါဝင်ပစ္စည်းဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဆယ်စုနှစ်နဲ့ချီ ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ကလည်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို ဝင်ငွေရင်းမြစ် အနေနဲ့ အသုံးချကြပါတယ်။

နောက်ပြီး ပိုမိုခေတ်မီလာတဲ့ စိုက်ပျိုးရေး နည်းပညာတွေကြောင့် ဧကအလိုက် ထွက်နှုန်းလည်း ပိုတိုးလာတယ်လို့ UNODCက အစီရင်ခံထားပါတယ်။

ဘိန်းကနေတဆင့် ချက်လုပ်တဲ့ ဟီးရိုးအင်း မူးယစ်ဆေးတွေကို အခုနှစ်ထဲမှာ မြန်မာနိုင်ငံကနေ ၁၅၄ တန်ထိ တင်ပို့ခဲ့တယ်လို့ ယုံကြည်ရပြီး ကာလပေါက်ဈေး တန်ဖိုး ဒေါ်လာ ၂.၂ ဘီလီယံလောက်ထိ များပြားပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေဟာ အစဉ်အဆက် ကတည်းက ဘိန်းနဲ့ ဘိန်းဖြူ အဓိကထုတ်လုပ်ရာ အရင်းအမြစ်နေရာ ဖြစ်ခဲ့ပါတယ်။ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာတဝန်း ရောင်းဝယ်နေကြတဲ့ ဘိန်းဖြူ အများစု ထုတ်လုပ်ရာ အရင်းမြစ် နိုင်ငံတွေ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly