စစ်ကောင်စီမဖြေရှင်းနိုင်သေးတဲ့ စက်သုံးဆီပြဿနာ(ရုပ်သံ)

By ရွှေနွယ် (မဇ္ဈိမ)
12 December 2023
စစ်ကောင်စီမဖြေရှင်းနိုင်သေးတဲ့ စက်သုံးဆီပြဿနာ(ရုပ်သံ)

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ မကြာခဏကြုံတွေ့နေရတဲ့ စက်သုံးဆီပြဿနာဟာ အခု ဒီဇင်ဘာလအတွင်းမှာတော့ အဆိုးဝါးဆုံးအခြေအနေနဲ့ရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့က မြို့နယ်အတော်များများမှာ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဆီဆိုင်တွေမှာ ဝယ်ယူဖို့တန်းစီစောင့်ဆိုင်းနေရတဲ့ ရှည်လျားတဲ့ ယာဉ်တန်းတွေကို တွေ့မြင်ရပါတယ်။
စက်သုံးဆီရောင်းချနေကြတဲ့ ဆီဆိုင်ပိုင်ရှင်တွေကတော့ ဒါဟာ သီလဝါဆိပ်ကမ်းမှာ ဆီထုတ်ရတဲ့ စနစ်ကြောင့် အခက်အခဲကြုံနေရပြီး စက်သုံးဆီပြတ်လတ်မှုကြုံနေရတာဖြစ်တယ်လို့ မဇ္ဈိမကိုပြောပါတယ်။
ဒီလို ပြည်တွင်းမှာ စက်သုံးဆီရောင်းချဖို့နဲ့ ဝယ်ယူဖို့အခက်အခဲဖြစ်နေကြတာတွေနဲ့ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့နံနက်ပိုင်းမှာ မဇ္ဈိမက မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆီဘောက်ဆာကားတွေ စက်သုံးဆီဆိုင်တွေကို အလျင်မီမရောက်ရှိနိုင်တာကြောင့်ဖြစ်ပြီး ရောင်းချဖို့စက်သုံးဆီ လက်ဝယ်အလုံအလောက်ရှိနေကြောင်း ပြောပါတယ်။
စစ်ကောင်စီက ပြည်ပကနေ စက်သုံးဆီသယ်ဆောင်လာတဲ့ ဆီတင်သင်္ဘောတွေဟာ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီး ထပ်မံရောက်လာဦးမှာဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီလိုစက်သုံးဆီလုံလောက်မှုရှိကြောင်းနဲ့ ဆီတင်သင်္ဘောတွေရောက်ရှိနေပြီဖြစ်တယ်လို့စစ်ကောင်စီဘက်က ပြောဆိုနေပေမယ့် မြေပြင်မှာ ရက်သတ္တပတ်တခုကြာမြင့်အောင် ဆိုးဝါးနေတဲ့ စက်သုံးဆီပြဿနာဟာ ပြေလည်ခြင်းမရှိသေးပါဘူး။
မြန်မာ့စီးပွားရေး ပညာရှင် ဦးစိန်ဌေးကတော့ ဒီစက်သုံးဆီပြဿနာဟာ စစ်ကောင်စီမှာ ဒေါ်လာမရှိတော့တာကြောင့်ဖြစ်ပြီး ဒီပြဿနာကို စစ်ကောင်စီအနေနဲ့ ကိုင်တွယ်နိုင်မှာမဟုတ်ကြောင်း သုံးသပ်ပြောဆိုပါတယ်။

#Mizzima
#ရုပ်သံသတင်း
#စက်သုံးဆီ
#ပြတ်လပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly