နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ ဒီဇင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး ကို ဒီဇင်ဘာ ၁၁ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်‌ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသည် ဒီဇင်ဘာ ၁၁ ရက်၌ အစည်းအဝေးပြုလုပ်ခဲ့ကြပြီး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၌ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သားများ ဘက်ပြောင်းပူး ပေါင်းနိုင်ရေးနှင့် ပတ်သက်သည့် ဘက်ပြောင်းရေးအစီအမံကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC) က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် စစ်တပ်ကို စွန့်ခွာပြီး အလင်းဝင်ကြရန်နှင့် အလင်းဝင်ခြင်းသည် အညံ့ခံခြင်းမဟုတ်ဘဲ အမှန်တရားဘက်ကိုရပ်တည်တာဖြစ်သည့်အတွက် နွေးထွေးစွာကြိုဆိုနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရသမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း၊မြင်းခြံခရိုင်၊နွားထိုးကြီး-မြို့သာလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်၊မွန်းလွဲ ၂နာရီ ၃၀မိနစ်ခန့်က စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တဦးကို အသေပစ်ခတ် ဖမ်းမိခဲ့​ကြောင်း Natogyi People Defence Force၊ မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်းတာဝန်ရှိသူကပြောသည်။ 

  • စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ အပါအဝင် လေးဦးနှင့် စစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေသော ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဥရောပသမဂ္ဂ က ထုတ်ပြန်လိုက်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့မ ရဲစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ရင်း(၂၈) မှ ရဲတပ်သား ကိုဖြူဖွေးသည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းရွာ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးထက်မနည်းသေဆုံးကြောင်း KLG PDF - ကျောက်လုံးကြီးက သတင်းထုတ်ပြန်သည်။ 

  • အခြေအနေအရပ်ရပ်ကြောင့် မြန်မာ့စီးပွားရေးအခြေအနေ နလံမထူဖြစ်နေပြီး လာမည့် ၂၀၂၄ ခုနှစ် မတ်လအထိ စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာရှိမည်ဟု ယနေ့ (ဒီဇင်ဘာ ၁၂) ထုတ်ပြန် သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

  • တစ်လကြာ တိုက်ပွဲများပြင်းထန်နေသည့် ထီးချိုင့်မြို့တွင် မြို့နှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ၃ ရက်ဆက် ပစ်ခတ်တိုက်ခိုက်ရာ တော်လှန်ရေးအဖွဲ့မှ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ 

  • မကွေးတိုင်း၊ ပေါက်နှင့် ပခုက္ကူမြို့နယ် နယ်စပ်တွင် ဟင်းစားရှာထွက်လာသည့် သာကြီးတောင် ရေနံမြေစခန်းမှ ရဲတပ်သားနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပေါက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲ - ဂန့်ဂေါလမ်းပိုင်း၌ ခရီးသွားပြည်သူနှင့် ကုန်တင်ယာဥ်မောင်း ၄၀၀ ခန့် တစ်ပတ်ကျော်ကြာ ပိတ်မိနေပြီး နေထိုင်စားသောက်ရေး အခက်အခဲများတွေ့နေကြောင်း သတင်း ရရှိသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရခိုင်ပြည်နယ်က မြို့ကြီး ၆မြို့မှာ အကြမ်းဖက် စစ်တပ်က မြေပြင်ရော၊ လေကြောင်း၊ ရေကြောင်း ကနေပါ တပြိုင်နက် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်နေကြောင်း ရက္ခိုင့်တပ်တော် AAက ပြောသည်။ 

  • ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင်တပ်စခန်းကို ညီနောင်မဟာမိတ်သုံးဖွဲ့က ပူးပေါင်းထိုးစစ်ဆင်နေပြီး ၁၀၂၇ တော်လှန်ရေး၏ အဓိက ရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင် အမြစ်ပြတ်ရေးကို ဆက်လက်တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ က ဒီဇင်ဘာ ၁၁ ရက်ည ၁၂ နာရီ၌ ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသောစစ်ကောင်စီ၏ “နှုံးဘူးဗျူဟာ” အား ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်းယမန်နေ့ဒီဇင်ဘာလ ၁၁ ရက် ညဥ့်နက်ပိုင်းကထုတ်ပြန်ထားသည်။ 

  • နမ့်ခမ်း၊ မန်တုံနှင့် နမ့်ဆန်မြို့တို့တွင် လက်ကျန်စစ်စခန်းများက ဆက်လက်ခုခံနေသောကြောင့် တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အဓိကစခန်းဖြစ်သော စခန်း သစ်ကုန်း ကို TNLA က ယနေ့နံနက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်း အထန်ဖြစ် ပွားနေ ကြောင်း သတင်းရရှိသည်။ 

  • ရှမ်းမြောက် နမ့်ဆန်မြို့နယ်ရဲစခန်းကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့ နံနက်တွင်တို က်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ၁၄လက် သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက ယနေ့ ထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက် မှုများ လုပ်ဆောင်ခဲ့၍ ဒေသခံနေအိမ်များ ပျက်စီးခဲ့ပြီး ဒေသခံများ စစ်ရှောင်နေရကြောင်း KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ 

  • သွေးစွန်းမှု အနည်းဆုံးဖြစ်စေရန် တပ်မတော်သားများအနေဖြင့် အမြန်ဆုံးလက်နက်ချဘက် ပြောင်းရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးကတိုက်တွန်း ပြောကြားလိုက်သည်။ 

  •  

စစ်ကောင်စီ  

  • ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ် အစိုးရ ၏အကူအညီဖြင့် ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲက ရှမ်းမြောက်စစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဖြစ်ကြောင်းစစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။ 

  • စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန် ပေးဆောင်ပြီးမှသာ စင်ကာပူရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။ 

  • ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်များ လက်မှတ်ရေးထိုးနိုင်တော့ မည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။ 

  • မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများမှာ တတ်နိုင်သမျှ ပံ့ပိုးကူညီသွားမ ည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishman က ပြောဆိုခဲ့ကြောင်း သိရသည်။ 

  • ပြည်ပကို ပို့ကုန်တင်ပို့ရာတွင် ပို့ကုန်ရငွေများကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်လည်ဝင် ရောက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စစ်ကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။ 

ဒီဇင်ဘာ ၁၂ သုံးသပ်ချက် 

  • စစ်ရှုံးနေသည့် စစ်ကောင်စီသည် တရုတ်အကူအညီယူကာ ထိုးစစ်များရပ်တန့်ရန် ဆွေးနွေးခဲ့ပြီး မီဒီယာများတွင် ဖော်ပြချက်အရဆိုလျှင် လောက်ကိုင်မြို့ကို MNDAA က သေနတ်မဖောက်ရဘဲ ရသွားသည့်သဘောဖြစ်ကာ လောက်ကိုင်မှ စစ်ကောင်စီတပ်များ ထွက်ခွာရန် ယခုလကုန်ထိ အပစ်ရပ်ထားသည်ဟုဆိုသည်။လောက်ကိုင်ဘက်တွင် အပစ်ရပ်သော်လည်း ကျန်ဒေသများတွင် တိုက်နေဆဲဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေးသည် အရှိန်လျော့သွားဖွယ်မရှိနိုင်ဟု ဆိုနိုင်သည်။ 

  • စစ်ကောင်စီမှ ဒေါ်လာလိုအပ်ချက်များနေသည့်အတွက် ပို့ကုန်ရငွေများ တရားဝင်ဝင်ရန်နှင့် ပြည်ပအလုပ်သမား၏ လွှဲငွေနှင့်အခွန်ငွေရရှိရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly