မလေးရှားတွင် The Way ရုပ်ရှင်ပြသမှုမှ တော်လှန်ရေးရန်ပုံငွေ ရင်းဂစ် ၁၀၀,၀၀၀ ကျော်ရရှိ 

By ရောင်နီ (မဇ္စျိမ)
12 December 2023
မလေးရှားတွင် The Way ရုပ်ရှင်ပြသမှုမှ တော်လှန်ရေးရန်ပုံငွေ ရင်းဂစ် ၁၀၀,၀၀၀ ကျော်ရရှိ 
ပုံအညွှန်း - မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့တွင် The Way ရုပ်ရှင်ဇာတ်ကားပြသခဲ့မှုမြင်ကွင်း။ (ပုံ - ညီညာစုရုံးနှစ်ငါးလုံးအဖွဲ့)

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့တွင် The Way ရုပ်ရှင်ဇာတ်ကားပြသမှုမှ တော်လှန်ရေးရန်ပုံငွေ မလေးရှားရင်းဂစ် ၁၀၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ 

ဂျိုဟိုးမြို့အခြေစိုက် ညီညာစုရုံးနှစ်ငါးလုံးအဖွဲ့က ဦးဆောင်ပြုလုပ်သည့် The Way ရုပ်ရှင်ဇာတ်ကားပြသမှုကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဂျိုဟိုးမြို့ရှိ Johor Kulai ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

“ ဒါက မလေးရှားမှာ The Way  ရုပ်ရှင်ကားကို ဒုတိယအကြိမ်ပြသတာပါ။ ရုပ်ရှင်ပြတာအပြင် ဖျော်ဖြေရေးအစီအစဥ်တွေ၊ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ရန်ပုံငွေရှာတာတွေပါ ပြုလုပ်ခဲ့ပါတယ်။” ဟု ဦးဆောင်ကျင်းပသည့် ညီညာစုရုံးနှစ်ငါးလုံးအဖွဲ့တာဝန်ခံ ကိုမင်းသန့်က ပြောသည်။ 

ရုပ်ရှင်ပြပွဲကို မလေးရှားရောက် မြန်မာနိုင်ငံသား ၂,၅၀၀ ကျော် တက်ရောက်ကာ ရုံပြည့်ရုံလျှံ ဝန်းရံအားပေးခဲ့ကြကြောင်း သိရသည်။ 

ပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဂုဏ်ပြုစကား ပြောကြားပေးခဲ့ပြီး ဖျော်ဖြေရေးအစီအစဥ်များ၊ အဆိုတော်လင်းလင်းနှင့် ချစ်သုဝေ လက်မှတ်ရေးထိုးထားသည့် အကျီကို လေလံတင်ရောင်းချခြင်းများ ထည့်သွင်းပြုလုပ်ခဲ့သည်။ 

“ အခမ်းအနားမှာ တော်လှန်ရေးရန်ပုံငွေက ခန့်မှန်းခြေ ရင်းဂစ် တသိန်းကျော် ရရှိပါတယ်။ အနာဂတ် မြန်မာနိုင်ငံအတွက် ပြိုင်တူ ရုန်းတဲ့ အနေအထားမှာ ဒီလို ဝန်းရံသူတွေရှိဖို့ လိုအပ်ပါတယ်။ ဝန်းရံပေးကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်၊  ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။ “ ဟု ကိုမင်းသန့်က ဆိုသည်။ 

အဆိုတော်လင်းလင်းရိုက်ကူးထားသည့် The Way ရုပ်ရှင်ဇာတ်ကားကို မလေးရှားနိုင်ငံရှိ မြို့သုံးမြို့တွင် ပြသသွားမည်ဖြစ်ပြီး နောက်ဆုံးပြသမှုကို လာမည့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပီနန်းမြို့တွင် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ရုပ်ရှင်တွင် သရုပ်ဆောင် အောင်မြင့်မြတ်၊ ချစ်သုဝေ၊ မြတ်နိုးအေးနှင့် အတူ တော်လှန်ပြည်သူများက ပါဝင်သရုပ်ဆောင်ထားပြီး ဖုန်းနှစ်လုံးဖြင့်သာ ရိုက်ကူးထားသည့်  Musical အမျိုးအစား ဇာတ်ကားဖြစ်သည်။ 

The Way ရုပ်ရှင်သည် Festigious နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဆုသုံးဆုရခဲ့သလို World Film Carnival Singapore ရုပ်ရှင်ပွဲတော်တွင်လည်း ဆုများ ရရှိထားသည့် အဆိုတော်လင်းလင်း ဒုတိယမြောက် ရိုက်ကူးသည့် ဇာတ်ကား တကားဖြစ်သည်။ 

The Way ရုပ်ရှင်ဇာတ်ကားကို လက်ရှိအချိန်တွင်လည်း ကမ္ဘာတဝန်းလုံးတွင် ပြသလျက်ရှိပြီး ပြည်ပရောက် ပြည်သူများစွာ အားပေးမှုရရှိထားသည့် ဇာတ်ကား တကားဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly