စစ်ကောင်စီတပ်သားများ ဘက်ပြောင်းရေး အစီအမံ IEC ထုတ်ပြန်

By 001 (မဇ္စျိမ)
12 December 2023
စစ်ကောင်စီတပ်သားများ ဘက်ပြောင်းရေး အစီအမံ IEC ထုတ်ပြန်
ပုံအညွှန်း-  လွိုင်​ကော်တိုက်ပွဲအတွင်း KNDFထံ လက်နက်ချသည့် စစ်​ကောင်စီတပ်သားအချို့အား နိုဝင်ဘာလအတွင်းက​တွေ့ရစဥ်

တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သားများ ဘက်ပြောင်းပူးပေါင်းနိုင်ရေးနှင့် ပတ်သက်သည့် ဘက်ပြောင်းရေးအစီအမံကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC) က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ အစီအစဉ်ကို IEC နှင့် ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံများက ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ( NUCC )နှင့် ဥပဒေကြောင်းအရ ညှိနှိုင်းရန်လိုအပ်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

IEC ဒုတိယဉက္ကဌ ခွန်းဘီထူးက “CDM လုပ်ဖို့ ဆက်သွယ်ပေးဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ CDM လုပ်တဲ့နေရာမှာ ကျွန်တော်တို့ဘက်က CDM လုပ်တဲ့အချိန်မှာ ပါလာတဲ့ သေနတ်တွေနဲ့အတူ ထောက်ပံ့ကူညီမှုတွေ ဆုချီးမြှင့်မှုတွေ CDM လုပ်လာတဲ့အတွက် အတားအဆီးမရှိ လုံခြုံရေးတွေနဲ့ ပိုမိုကောင်းတဲ့အစီအမံတွေကို အရင်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများ ဘက်ပြောင်းလာရန်အတွက် IEC ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး (၁)၊ တပ်မတော်အရာရှိဟောင်း၊ KNDF နိုင်ငံရေးမှူးနှင့် ဥပဒေပညာရှင်တို့ ပါဝင်သည့် ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲဝင်နေသည့် မည်သည့်တပ်မဆို ပြည်တွင်းနှင့် နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများကို လိုက်နာရန်၊ အခြေခံအားဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်မထားရန်၊ စစ်သုံ့ပန်းများကို အသက်ရှင်ခွင့်ပေးရန်နှင့် တားမြစ်စစ်လက်နက်များ အသုံးမပြုရန် သတ်မှတ်ထားပြီး ဘက်ပြောင်းရေးအစီအစဉ်တွင် ပါဝင်သူ မည်သူမဆို အဆိုပါ စစ်ဥပဒေများကို လေးစားလိုက်နာသူများဖြစ်ရမည်ဟု IEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တပ်မတော်သားဖြစ်စေ၊ စစ်ကောင်စီအောက်မှာ ဝန်ထမ်းတာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များဖြစ်စေ ဆက်သွယ်ပြီးမှ ဘက်ပြောင်းဖို့ကို စီစဉ်ကြဖို့ အထူးတလည်တိုက်တွန်းလိုတယ်။ အကယ်၍ ဒီနေ့ ဒီချိန်မှာ ဘက်ပြောင်းမှုမရှိဘူးဆိုရင်ပြည်သူ့တပ်မတော်သားတွေဘက်က ချေမှုန်းမှုတွေ ဖမ်းဆီးထောင်ချမှုတွေ အဆက်မပြတ်လုပ်သွားဖို့ရှိပါတယ်”ဟု IEC ဒုဥက္ကဌ ခွန်းဘီထူးက ဆိုသည်။

ရှေ့တန်းတွင် ရောက်ရှိနေသည့် မည်သည့်တပ်ဖွဲ့ဝင်များမဆို လျင်မြန်စွာလက်နက်ချ အညံ့ခံပါကလည်း နိုင်ငံတကာဥပဒေအရ အသက်ရှင်ခွင့်၊ မိသားစုများနှင့် ဆက်သွယ်ခွင့်အပြင် အနိမ့်ဆုံး ပြစ်ဒဏ်ခံယူပြီးပါက လွတ်လပ်စွာလူမှုဘဝထူထောင်ခွင့်ရှိစေရမည်ဖြစ်ကြောင်းလည်း အဆိုပါ ဘက်ပြောင်းရေးအစီအမံတွင် ရေးသားထားသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးချိန်တွင် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်မြို့အထိ တိုက်ပွဲများ ပြင်းထန်လာလျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly