စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေးမှု ရလာဒ်ကောင်း ရရှိခဲ့ကြောင်း တရုတ်ပြော

By Spring
12 December 2023
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေးမှု ရလာဒ်ကောင်း ရရှိခဲ့ကြောင်း တရုတ်ပြော

မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့တယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။

လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးခဲ့ကြရာ အပြုသဘောဆောင်တဲ့ရလဒ်ကောင်းတွေရရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Mao Ning က ဒီဇင်ဘာ ၁၁ ရက်နေ့က သတင်းမီဒီယာတွေကို ပြောကြားသွားတာဖြစ်ပါတယ်။

ဘယ်လိုရလဒ်တွေလဲ ဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။

ဒီလိုတွေ့ဆုံဆွေးနွေးမှုဖြစ်လာတဲ့အပေါ် တရုတ်နိုင်ငံက ဝမ်းသာကြောင်းနဲ့ တရုတ်အစိုးရအနေနဲ့ ဆက်လက်ပံ့ပိုးပေးသွားဖို့ရှိနေတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူက ဆိုပါတယ်။

မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခတွေ လျော့ပါးရေးဟာ သက်ဆိုင်သူတွေ အားလုံးအတွက် အကျိုးရှိမှာဖြစ်သလို၊ ၂ နိုင်ငံ နယ်စပ်တည်ငြိမ်ရေးအတွက်လည်း အကျိုးရှိတယ်လို့ တရုတ်က ဆိုပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်မှုဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တိုက်ပွဲများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲကို ကိုးကန့်တပ်မတော်( MNDAA)၊ တအာင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( TNLA)နဲ့ ရက္ခိုင်တပ်တော်( AA )တို့နဲ့စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း ဇော်မင်း‌ထွန်းကပြောပါတယ်။

ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင်တရုတ်နိုင်ငံကူမင်းမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲအပေါ် မူတည်ကာ ဒီလကုန်မှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ လည်းသိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ် နဲ့ ဝန်ထမ်းများ ထွက်ခွာပေးဖို့၊ MNDAA နဲ့ စစ်ကောင်စီတပ်များ ဒီဇင်ဘာ ၁၁ ရက် နေ့ခင်း ၁၂ နာရီမှစကာ အပစ်ရပ်ဖို့ စစ်ကောင်စီနဲ့ MNDAA တို့သဘောတူခဲ့ကြတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်စီကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရေးတင်းမာနေတဲ့ ရှမ်းမြောက်၊ လားရှိုးမြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိခဲ့ပြီး နယ်မြေတည်ငြိမ်မှုရအောင် အမြန်ဆုံးလုပ်ပေးမယ့်အကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်တွေကို အမြန်ဆုံးပြန်လည်နေထိုင်နိုင်ဖို့ ကြိုး ပမ်းဆောင်ရွက်ပေးသွားမှာဖြစ်သလို ပြန်လည်ရောက်ရှိချိန်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အတူတကွ ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့လည်း စစ်ခေါင်းဆောင်ကပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံထဲမှာ စိန်ခေါ်မှု အများအပြားဆက်လက်ရှိနေကာ ငြိမ်းချမ်း တည်ငြိမ်မှုဖော်ဆောင်တဲ့နေရာမှာ တရုတ်နိုင်ငံက ဆက်လက်ကူညီပေးဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ယူနန်ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာ ရှီယွီကန်းနဲ့ ကူမင်းမြို့မှာ ဒီဇင်ဘာလ ၁၀ ရက်တုန်းက တွေ့ဆုံ ဆွေးနွေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကလည်း တရုတ်အထူးကိုယ်စားလှယ်ရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ မြောက်ပိုင်းမဟာ မိတ် (၃) ဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ မိုင်းလားမြို့မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကတော့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလ အောက်တိုဘာ ၂၇ ရက်မှစတင်ခဲ့ပြီး မြို့ပေါင်း ၅ မြို့ ၊စစ်စခန်းပေါင်း ၂၀၀ ကျော် ၊ မြန်မာ-တရုတ်နယ်စပ်ဂိတ် ၅ ဂိတ်နဲ့လက်နက်ခဲယမ်းများစွာကို ညီနောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဒီဇင်ဘာလ ၉ ရက်က ထုတ်ပြန်ချက်မှာ ၁၀၂၇ စစ်ဆင်ရေးကို သတ်မှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို အထမြောက်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly