လူသတ်မှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေကြောင်း ကုလအစီရင်ခံစာအသစ်မှာ ဖော်ပြထား

By Spring
12 December 2023
လူသတ်မှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေကြောင်း ကုလအစီရင်ခံစာအသစ်မှာ ဖော်ပြထား

လူသတ်မှုနဲ့တခြားရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုအရေအတွက်ဟာ ကမ္ဘာတဝန်းမှာ ၂၀၂၁ ခုနှစ်ထဲ စံချိန်တင် မြင့်မားလာခဲ့ပြီး လူသတ်မှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာ အသစ်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှုများလေ့လာချက်စစ်တမ်း မှာ ဖော်ပြထားပါတယ်။

လူသတ်မှုအကြောင်းရင်းတွေထဲမှာတော့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပဋိပက္ခတွေ အပါအဝင် အမျိုးမျိုးရှိ နေတယ်လို့ ဆိုထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်း ပြီးနောက် နိုင်ငံရေးဆက်စပ်မှုနဲ့ အကြမ်းဖက်မှု မြင့်တက်နေတဲ့ မြန်မာနိုင်ငံက တောင်အာဖရိက နိုင်ငံနဲ့အတူ လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသနိုင်ငံတွေပြီးရင် လူသတ်မှု အများဆုံးထိပ်တန်း ၁၀ နိုင်ငံထဲမှာ ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ ရည်ရွယ်ချက်ရှိရှိ အသတ်ခံခဲ့သူ အရေအတွက်က ၄၅၈,၀၀၀ ရှိပြီး ဒါဟာ ၂၀၀၀ ခုနှစ်က စတင်ခဲ့တဲ့ မှတ်တမ်းတွေအရ နှစ်စဉ် ၄၀၀,၀၀၀ ကနေ ၄၅၀,၀၀၀ ကြား သေဆုံးနှုန်းထက် ပိုများလာတာ ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှုဆိုင်ရာ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ကပ်ရောဂါကာလ ပိတ်ဆို့မှုတွေကြောင့် ဖြစ်လာတဲ့ဖိစီးမှုတွေနဲ့ စီးပွားရေးဖိအားတွေကြောင့် လည်း ပါသလို မြန်မာနိုင်ငံမှာလို နိုင်ငံရေးအကြမ်းဖက်မှုတွေ မြင့်တက်လာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုးရွားဆုံး ထိပ်တန်း၁၀ နိုင်ငံထဲက ၈ နိုင်ငံကတော့ လက်တင်အမေရိကနဲ့ ကာရေဘီယံက နိုင်ငံတွေ ပါ။

မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာမှာတော့ အာဏာသိမ်း စစ်တပ်နဲ့ တပ်ဖွဲ့ဝင် တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ကြောင်းဖော်ပြထားပါတယ်။

စစ်တပ်ဘက်ကတော့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အာမခံဖို့ တာဝန်ရှိတယ်လို့ဆိုပြီး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ငြင်းဆိုထားပြီး တစ်ဖက်ကတော်လှန်ရေးအင်အားစုတွေကို ဆူပူအုံကြွမှုဖြစ်စေတဲ့ "အကြမ်းဖက်သမားများ" လို့ စွပ်စွဲတုံ့ပြန်လေ့ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း သက်တမ်း ၇၅ နှစ် ပြည့်ချိန်မှာပဲ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်အရေး ဆုတ်ယုတ်မှု အခြေအနေတွေကို နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေ ထောက်ပြကြပါတယ်။

သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ၊ အထူးသဖြင့် ဂါဇာဒေသနဲ့ အစ္စရေး၊ ဆူဒန်၊ ယူကရိန်း၊ မြန်မာအပြင် တခြားဒေသတွေက မချိမဆန့် ခံစားနေရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို သတိရမိပါတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောသွားတာဖြစ်ပါတယ်။

ပဋိပက္ခတွေကြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်မှုတွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြသွားပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly