စစ်ကောင်စီ လူပုဂ္ဂိုလ် ၄ဦးနဲ့ ကုမ္ပဏီ၂ ခုကို အီးယူ ထပ်တိုး အရေးယူပိတ်ဆို့

By Spring
12 December 2023
စစ်ကောင်စီ လူပုဂ္ဂိုလ် ၄ဦးနဲ့ ကုမ္ပဏီ၂ ခုကို အီးယူ ထပ်တိုး အရေးယူပိတ်ဆို့

စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့အပါအဝင် လေးဦးနဲ့ စစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့ အရေးယူလိုက်တယ်လို့ ဥရောပသမဂ္ဂ က ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ထပ်တိုးချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြံပေးပုဂ္ဂိုလ်၊ စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ စစ်ကောင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ကယားပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ တာဝန်ရှိသူ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး တို့နဲ့အတူ စစ်တပ်ကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ Star Sapphire ကုမ္ပဏီအုပ်စုနဲ့ Royal Shune Lei ကုမ္ပဏီလိမိတက် တို့ပါဝင်ပါတယ်။

အဲဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာ ဖြစ်သလို သူတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကျိူးအမြတ် ဖြစ်စေမယ့် စီးပွားရေးအရင်းအမြစ်တွေကို ပိတ်ပင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလူတွေကို ဥရောပဒေသထဲ လာရောက်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

အဆက်မပြတ် ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ထိန်းချုပ်မှုတွေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်လို့ ဩစတြေးလျအစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ရရှိပြီးသား ဒီမိုကရေစီရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နောက်ပြန်လည်သွားပြီး တိုင်းပြည်ကို နက်ရှိုင်းတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေထဲ ထိုးကျစေခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ မတရား ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အတားအဆီးမရှိ ခွင့်ပြုပေးဖို့လည်း မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကတော့ သြစတြေးလျအစိုးရရဲ့ လုပ်ရပ်ကို ကြိုဆိုထားပြီး စစ်ကောင်စီအပေါ် ဒီထက်လေးနက်တဲ့ အရေးယူပိတ်ဆို့မှုတွေထပ်လို့ဖို့ နိုဝင်ဘာ ၂၉ ရက်နေ့က ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး သုံးဦး၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးနဲ့ စစ်ထောက်ချုပ်တစ်ဦးတို့ အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မြန်မာ့သတ္တုတွင်းလုပ်ငန်းတို့ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

အခုအချိန်မှာ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၀၃ ဦးနဲ့ အဖွဲ့အစည်း ၂၁ ခုကို ပိတ်ဆို့အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်းပေးအပ်မှုတွေကို တားမြစ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly