၆ ကြိမ်မြောက် ခမီတိုင်းရင်းသား အမျိုးသားနေ့

၆ ကြိမ်မြောက် ခမီတိုင်းရင်းသား အမျိုးသားနေ့

စစ်တွေ၊ ဧပြီ ၂၉ ရက် ။              ။ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ ရခိုင်ဒေသမှာ လူနည်းစုမျိုးနွယ် တစ်ခုဖြစ်တဲ့ ခမီတိုင်းရင်းသားမျိုးနွယ်စုတွေဟာ  ၆ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို အောင်မြင်စွာကျင်းပခဲ့ကြပါတယ်။

အမျိုးသားနေ့ အခမ်းနားကို ပေါက်တောမြို့နယ် ညောင်ပင်ချိုင်ကျေးရွာမှာ ဧပြီလ(၂၇)ရက်နေ့က ပျှော်ပွဲရွှင်ပွဲတွေနဲ့ ပြုလုပ်ကြခြင်းပဲ ဖြစ်ပါတယ်။

အခမ်းအနားမှာ ရခိုင်လူမျိုးတွေရဲ့ ရိုးရာ ကကွက်တွေအပါအဝင် ခမီလူမျိုးတွရဲ့ရှေးကျတဲ့ အကအလှပတွေကိုလည်း ခမီမျိုးနွယ်စုများက ရိုးရာ အလှတရားယဉ်ကျေးမှုတစ်ခုအဖြစ် ကပြခဲ့ကြပါတယ်။

ခမီအမျိုးသားနေ့ အထိမ်းမှတ်အဖြစ် ခမီလူမျိုးတွေရဲ့ သက်မွေးဝမ်းကျောင်း၊ရိုးရာ အသုံးဆောင်ပစ္စည်းတွေကိုလည်း ပြခန်းအဖြစ် ပြသခဲ့ကြပြီး သူတို့လူမျိုးတွေရဲ့ ရှေးကျတဲ့ ဂီတ တူရိယများပါ ပါတယ်လို့ ခမီအမျိုးသားတစ်ဦးက ဆိုပါတယ်။

(ခမီအမျိုးသားတစ်ဦး)

ခမီအမျိုးသားနေ့ကို ခမီအမျိုးသားတွေအနေနဲ့ ကိုယ်ဇာတိဂုဏ်ကို သိရှိနားလည်စေရန်အတွက် ပြုလုပ်ရခြင်းပဲဖြစ်တယ်လို့ အခမ်းနားဖြစ်မြောက်ရေးမှာ ပါဝင်တဲ့ ညောင်ပင်ချိုင်ကျေးရွာက ခင်မောင်သန်းက ဆိုပါတယ်။

(ခင်မောင်သန်း - အခမ်းနားဖြစ်မြောက်ရေးအဖွဲ့ဝင်)

ဒီအခမ်းအနားမှာ ရခိုင်ပြည်နယ် မြို့နယ်အနှံ့အပြားမှာ နေထိုင်ကြတဲ့ ခမီတိုင်းရင်းသားတွေနဲ့ ရခိုင်အပါအဝင် တခြား တိုင်းရင်းသားတွေ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်းဘွေ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြိုတိုင်းရင်းသားပါတီတို့က ပါတီကိုယ်စားလှယ်တွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရခိုင်စာပေပညာရှင်တွေပါ  တက်ရောက် ဟောပြောခဲ့ကြပါတယ်။

ခမီအမျိုးသားနေ့ ဖြစ်ပေါ်လာရခြင်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်မီက အမျိုးသားလွတ်မြောက်ရေးအတွက် မြောက်ဦးမြို့နယ်မှာ စုဝေးရာကနေ ဧပြီလ ၂၈ ရက်နေ့ကို ခမီအမျိုးသားနေ့ အဖြစ်ပြုလုပ်ရခြင်းပဲလို့ ဦးခင်မောင်သန်းက ထပ်မံပြောဆိုပါတယ်။

ဒါပေမယ့် ဒီနှစ်မှာ ကျင်းပတဲ့ ခမီ အမျိုးသားနေ့ဟာ အရင်နှစ်တွေတုန်းကလို ခမီလူမျိူးတွေဟာ ရခိုင်ဒေသရဲ့ ပြည်တွင်းစစ် အခြေနေတွေကြောင်း တက်ရောက်နိုင်ခွင့်မရှိကြတဲ့ အတွက် စစ်ပွဲတွေကို သူအနေနဲ့ ရပ်တန့်စေချင်တယ်လို့ ခမီတိုင်းရင်းသား တိုးတက်ရေးပါတိဥက္ကဌ ဦးစံလှကျော်က ပြောပါတယ်။

(ဦးစံကျော်လှ - ခမီပါတီ ဥက္ကဌ)

ဒါ့အပြင် ခမီတိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အဖက်ဖက်က နိမ့်ကျနေတာတွေကို ဖြေရှင်း ပေးဖို့အတွက် ခမီအမျိုးသားနေ့ကနေ ခမီအမျိုးသားထုရဲ့ တောင်းဆိုချက်အဖြစ် ထုတ်ပြန်သွားမယ်လို့လည်း ပွဲစီစဉ်သူတွေကပြောပါတယ်။

ခမီတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်မြို့တွေမှာ ပြန့်ကြဲနေထိုင်ပြီး လူဦးရေ ခုနှစ်သောင်းခန့် ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly