ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသောစစ်ကောင်စီ၏ “နှုံးဘူးဗျူဟာ” အား ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်းယမန်နေ့ဒီဇင်ဘာလ ၁၁ ရက် ညဥ့်နက်ပိုင်းကထုတ်ပြန်ထားသည်။
စစ်ကောင်စီ အထိုင်ချထားသော ဗျူဟာစခန်းကုန်းကြီးနှစ်ခုအနက် ယင်းဗျူဟာကုန်းအား ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် AA က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စိီ "နှုံးဘူး" ဗျူဟာမှူး၏ အလောင်းအပါအဝင် တပ်သားအလောင်းအချို့နှင့်လက်နက်ခဲယမ်းအများအပြားပါသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ရဟတ်ယာဉ်ကွင်း နှစ်ကွင်းပါရှိသော တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအားပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက် ကသိမ်းပိုက်နိုင်ခဲ့ရာ စစ်ဆင်ရေးရက်ပေါင်း၂၇ ရက်တာကာလအတွင်းဗျူဟာကုန်းနှစ်ခုလုံးအား AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
AA၏ ထိုးစစ်ကာလအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူအပါအဝင် လေကြောင်းဖြင့်ပါ နေ့စဥ်ရက်ဆက်ပစ်ခတ်တိုက်ခိုက် ခုခံခဲ့သေးသည်။
ချင်း-ရခိုင်နယ်စပ် ပလက်ဝဒေသရှိ စစ်ကောင်စီ၏" တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” ကုန်းကြီးနှစ်ခုအား ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာလ ၁၄ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကြောင်းဖော်ပြထားသည်။
တိုက်ပွဲပြင်းထန်နေသည့်ရခိုင်ပြည်နယ်၊ပေါက်တောမြို့တွင် ယမန်နေ့ဒီဇင်ဘာလ ၁၁ ရက်အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ တပ််များဖြင့် ခုခံတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် တိုက်ပွဲမရှိသည့် အမ်းမြို့၊ပုဏ္ဏားကျွန်း၊မောင်တောမြို့များတွင်လည်း လက်နက်ကြီးများဖြင့်နေ့စဥ်ပစ်ခတ်နေမှုများကြောင့် နေအိမ်၊စျေးများ၊အရပ်သားများထိခိုက်သေဆုံးမှုရှိကြောင်းဒေသခံများထံသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နှုံးဘူးဗျူဟာ