ခမ်းပါတ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် မိဘမဲ့ဂေဟာမှ ကလေး ၄ ဦး သေဆုံး 

By ရောင်နီ (မဇ္ဈိမ)
11 December 2023
ခမ်းပါတ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် မိဘမဲ့ဂေဟာမှ ကလေး ၄ ဦး သေဆုံး 
ပုံအညွှန်း - ခမ်းပါတ်မြို့အဝင်ဆိုင်းဘုတ်မြင်ကွင်း။ (ပုံ-လူမှုကွန်ရက်)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၀ရက်ညက  စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့် မိဘမဲ့ဂေဟာမှ ကလေးလေးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။ 

ခမ်းပါတ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ AG အသင်းတော်မိဘမဲ့ဂေဟာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များရှိရာဘက်ကို ရမ်းသမ်းပစ်ခတ်ရာမှ အသက်ငါးနှစ်မှ ၁၀ နှစ်ကြား ကလေးငယ်လေးဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးရဲဘော်တဦးက ဆိုသည်။ 

" တပ်ဘက်က သူတို့ရဲ့စခန်းကုန်းနဲ့ ရဲစခန်းကို ပြန်ရဖို့ ကြိုးစားတဲ့အချိန်မှာ တပ်စခန်းနဲ့ ရဲစခန်းအနောက်ဘက်မှာရှိတဲ့ မိဘမဲ့ ဂေဟာကို ဝင်ရောက်စီးနင်းပြီး လူသားဒိုင်းလုပ်တယ်။ ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်“ ဟု ၎င်းကပြောသည်။

AG အသင်းတော် မိဘမဲ့ဂေဟာတွင် ကလေးငယ် ၃၆ဦးနှင့် ထိန်းသိမ်းစောင့်ရှောက်သူအချို့ အပါအဝင် ၄၀ဦး ခန့် ရှ်ိသည်။ယင်းနေရာကို စစ်ကောင်စီက  တပ်စွဲထားဆဲဟု သိရသည်။

ခမ်းပါတ်မြို့နယ်တွင် ရပ်ကွက်လေးခုရှိပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း အချို့မှာ မြို့အတွင်း ဆက်လက်နေထိုင်နေဆဲဟုကာကွယ်ရေးရဲဘော်များကပြောသည်။ 

ခမ်းပါတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုဝင်ဘာ ၇ရက်တွင် ထုတ်ပြန်ထားသည်။ 

ယခုအခါ စစ်ကောင်စီက ခမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားလာပြီး အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၀ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ 

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က မြို့အတွင်းဝင်ရောက်နိုင်ရန် ကြိုးစားနေပြီး ခမ်းပါတ်မြို့အနီးတဝိုက်ရှိ တောစပ်များတွင် ခိုအောင်းနေကာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း -အေးချမ်း
#တမူးမြို့နယ်
#ခမ်းပါတ်မြို့
#မိဘမဲ့ဂေဟာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly