ထိတွေ့တိုက်ပွဲဖြစ်ပွား၍ ရေဖြူရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

By ကိုရွှေမြိတ် (မဇ္ဈိမ)
11 December 2023
ထိတွေ့တိုက်ပွဲဖြစ်ပွား၍ ရေဖြူရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ ရေဖြူကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဒီဇင်ဘာလ ၉ ရက်နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားသည့်အပြင် စစ်ကောင်တပ်က လက်နက်ကြီး ပစ်ခတ်မှုများရှိသည်ဟုဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေ့ကစလို့ ၁၀ ရက်နေ့အထိ စစ်တပ်က ရွာတွေဖက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်နေတာရှိတော့ ရေဖြူအပါဝင် ထုံခါရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်”ဟု တောင်ပိုင်းညီနောင် တပ်ပေါင်းစု- Southern Brothers Army စစ်ကြောင်း ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုများကြောင့် ရေဖြူကျေးရွာရှိ ဒေသခံ အသက်ကြီးပိုင်း အမျိုးသမီးတဦးနှင့် ကျွဲနွားသုံးကောင် လက်နက်ကြီးယမ်းစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ရေဖြူ အပါဝင် အနီးနား ရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတော့ ရေဖြူရွာဆိုရင် ရွာလုံးကျွတ် ထွက်ပြေးနေရတယ်၊ နောက်ပြီး ထုံခါရွာလည်း တဝက်နီးပါးလောက် ဒေသခံတွေ ထွက်ပြေးနေရတယ်”ဟု ဒေသခံစစ်ရှောင် အမျိုးသမီးတဦးက ပြောသည်။

တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းနှင့် ကမ္ဘောဇ ဆီအုန်းကုမ္ပဏီ အနီးတို့တွင် ခရီးသည်တင်ကားများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တောင်ပိုင်းညီနောင် တပ်ပေါင်းစု - Southern brothers army (SBA) အဖွဲ့က ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲခန့် အချိန်တွင် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က နှစ်ဦး သေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းအဖွဲ့၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိ ရေဖြူရွာတွင် သက်ကြီး ရွယ်အိုနှင့် ကလေးငယ်များ အပါဝင် လူဦးရေ ၇၀၀ နီးပါး ထွက်ပြေး တိမ်းရှောင် နေရသည်ဟု Southern Brothers Army စစ်ကြောင်း ပြန်ကြားရေးအရာရှိထံမှ သိရသည်။

“အခုချိန်မှာ စစ်ရေးကပိုပြီး နှစ်ဖက် တင်းမာနေတဲ့ အခြေအနေ ရှိနေလို့ ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ ဝေးဝေးနေဖို့နဲ့ ခရီးသွား ပြည်သူတွေလည်း စစ်ရေး သတင်းတွေ သတိထား သွားလာဖို့ သတိပေးချင်တယ်”ဟု ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)
#တနင်္သာရီတိုင်း
#လက်နက်ကြီးပစ်ခတ်မှု
#စစ်ဘေးရှောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly