ချင်းပြည်နယ် ဒေသတချို့ကို ရခိုင်ပြည်နယ်ဟုစစ်ကောင်စီ  အကြိမ်ကြိမ်ပြောမှု ရည်ရွယ်ချက်ရှိဟု ပလက်ဝဒေသခံများ ဆို

By မဇ္ဈိမ 
11 December 2023
ချင်းပြည်နယ် ဒေသတချို့ကို ရခိုင်ပြည်နယ်ဟုစစ်ကောင်စီ  အကြိမ်ကြိမ်ပြောမှု ရည်ရွယ်ချက်ရှိဟု ပလက်ဝဒေသခံများ ဆို

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ချင်းပြည်နယ်အတွင်းရှိ  ဒေသတချို့ကို ရခိုင်ပြည်နယ်ဟု အကြိမ်ကြိမ်ပြောနေခြင်းမှာ  ရည်ရွယ်ချက်ရှိနိုင်‌ေကြာင်း ပလက်ဝဒေသခံများက ပြောသည်။ 

စစ်ကောင်စီအလိုကျရေးသားထုတ်ဝေနေသည့်ပြည်တွင်းမီဒီယာများ၊ ရုပ်သံများ နှင့် စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင်ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ထို့သို ပြောဆို သတင်းထုတ်ပြန်မှုများကို ဖော်ပြနေခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ရက် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင်  "ထူးခြားချက်က တော့ ပထမဦးဆုံး ရခိုင်ပြည်နယ်ထဲမှာ အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ထရွန်အိုင်၊ နုန်းဘူး စတဲ့ အဲဒီစခန်းတွေက မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်း ဖောက်နေတဲ့ ကုလားတန်မြစ်ဘက်စုံ စီမံကိန်း လုပ်နေတဲ့ လုံခြုံရေးစခန်းတွေ ဖြစ်ပါတယ်" ဟု ပြောသည်။

ထိုပြောဆိုမှုသည် ပြည်နယ်နှစ်ခုအကြား အငြင်းပွားမှု ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပလက်ဝ ဒေသခံ တဦးက ဆိုသည်။ 

‘’ပထမဆုံးတခါပြောထဲက ကျွန်တော်တို့ပလက်ဝမှာ ရခိုင်တိုင်းရင်းသားတွေက လိုင်းပေါ်မှာရေးနေကြပြီ။ နဂိုထဲကမှရခိုင်တွေက ပလက်ဝကိုရခိုင်ပြည်နယ်ဆိုပြီးပြောနေကြတာလေ။ ဒါကိုလည်း ချင်းအဖွဲ့အစည်း တော်တော်များများက ကန့်ကွက်ဆန္ဒပြတာတွေကို အကြိမ်ကြိမ်လုပ်ထားကြတယ်။ အခုစကစက ပလက်ဝနယ်ထဲက ထရွန်အိုင်၊ နုန်းဘူး ကျေးရွာတွေကိုရခိုင်ပြည်နယ်လို့သုံးတယ် ။တခါမဟုတ်ဘူးအကြိမ်ကြိမ်သုံးလာတာတွေ့ရတော့ဒါကရည်ရွယ်ချက်ရှိရှိသုံးတယ်လို့ပဲကျွန်တော်တို့ပလက်ဝသားတွေက ထင်ကြတယ်’’ဟု ပလက်ဝဒေသခံတဦးကဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ၊ပလက်ဝမြို့နယ် အခြေချနေလာသည့် AA (ရက္ခိုင့်တပ်တော်)က ပလက်ဝဒေသအတွင်းရှိ ကျေးရွာများသည်  ရခိုင်ပြည်နယ်အတွင်း တည်ရှိနေပြီးတော်လှန်ရေးပြီးဆုံးပါက ရခိုင်ပြည်နယ်အတွင်းထည့်သွင်းမည်ဟု ၂၀၁၈ခုနှစ်နောက်ပိုင်းတွင်ပြောဆိုထားသည်။

‘’တချို့ရွာတွေမှာ AAတွေက ရွာသားတွေကို မင်းတို့ပြော ပလက်ဝကရခိုင်အပိုင်လား၊ ချင်းအပိုင်လားဘယ်မှာပါတာလဲဆိုပြီးမေးတဲ့အခါမှာ ခူးမီးဒေသခံတွေက ရခိုင်အပိုင်ပါဆိုပြီးပြောကြရတယ်။ နောက်ပြီးAAကခေါ်ပြီးမေးရင် ဗမာလိုမပြောရဘူး။ ရခိုင်စကားနဲ့ပြောရတယ်။ နောက်မဟုတ်ရင်အရိုက်ခံရတယ်’’ဟုလည်း ပလက်ဝဒေသခံများက ဆိုသည်။

ထို့ပြင် ၂၀၁၆ခုနှစ်   ဇူလိုင် ၂၈ ရက်ကကျင်းပခဲ့သည့် ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသည့် လူငယ်ညီလာခံ ဒုတိယနေ့တွင်  ဖက်ဒရယ်ပြည်ထောင်စု အကြောင်းအရာ ကိစ္စဆွေးနွေးခြင်း အစီအစဉ်၌  ဒေါက်တာအေးမောင်က “ ၁၉၅၃-၅၄ လောက်မှာ ဖဆပလခေတ်မှာ ချင်းဝိသေသတိုင်း ထဲကို ကျွန်တော်တို့ရဲ့ Hill Track ဖြစ်တဲ့ ပလက်ဝကို ပေးလိုက်ရပါတယ်’’ ဟု ပြောဆိုခဲ့သည်။ ထို့အတွက် ချင်းအရပ်ဘက်အဖွဲ့အစည်းများကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။

ချင်းပြည်နယ်တွင် ပလက်ဝဒေသသည် လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့နယ်ဖြစ်သည်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ ခုနှစ် ဒေသဆိုင်ရာ အချက်အလက်များအရ  ဒေသခံဦးရေ  ၁၀၇,၀၀၀ ကျော်ရှိသည့်အနက် ၂၀,၀၀၀ နီးပါးမှာ  ရခိုင်တိုင်းရင်းသားဖြစ်သည်ဟုသိရပြီးစစ်ကောင်စီလက်ထက်တွင်ခရိုင်အဖြစ်တိုးမြှင့်ပေးခြင်းခံရသည့်မြို့နယ်လည်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly