ရွှေဘိုတွင် ကညနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

By MTO (မဇ္စျိမ)
11 December 2023
ရွှေဘိုတွင် ကညနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ကညနရုံးနှင့် မြန်မာ့စီးပွား ရေးဘဏ်တို့ကိုတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ည ၉ နာရီကျော်တွင် ရွှေဘိုမြို့နယ်ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာန (ကညန)ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ကို လက်ပစ်ဗုံးငါးလုံးပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သိဒ္ဓိကပြောသည်။

“ဗုံးသီးတွေပစ်သွင်းလိုက်တော့ စကစနှစ်ယောက်က ရှေ့ကိုထွက်လာတယ်။ အဲဒီမှာ ကျနော်တို့က လက် ဦးမှုရယူပြီးပစ်လိုက်တာ နှစ်ယောက်လုံးလဲကျသွားတယ်။ အဲဒီထဲက တယောက်သေတယ်လို့ ပြန်သိရ တယ် “ ဟု ၎င်းကပြောသည်။

ကညနရုံးကိုတိုက်ခိုက်မှုမှာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့မြန်မာ့စီးပွားရေးဘဏ် ဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးသွားကြောင်း ဗိုလ်သိဒ္ဓိက ဆိုသည်။

“ ကင်းစောင့်နေတဲ့သူတွေရဲ့ လှုပ်ရှားမှုကိုတွေ့တာနဲ့ ကျနော်တို့ ပစ်ခတ်ခဲ့တာ၊ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက်အကြာမှာ ကျနော်တို့ ပစ်ပစ် ဆုတ်ဆုတ်နဲ့ ဆုတ်လာခဲ့တာ။ သူတို့ဘက်ကလည်း နောက်က နေလိုက်မပစ်ရဲဘူးထင်တယ်၊ လိုက်မလာဘူး။ အဲ့ဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က သုံးယောက်သေ တယ်လို့ တော့သိထားတယ်” ဟု ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က ရွှေဘိုမြို့ ကညန နှင့် မြန်မာ့စီးပွားရေးဘဏ်အနီးတ၀ိုက်တွင် လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ဗိုလ်သိဒ္ဓိက ဆိုသည်။

ယခုတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ်(ပကဖ)၊ သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ တာနောယက္ခ ပြည်သူ့လုံခြုံရေးအဖွဲ့(ဝက်လက်မြို့နယ်)၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)နှင့် ရွှေဘိုခရိုင်တပ်ရင်း (၂၃) တပ်ခွဲ(၁) (နောင်ရိုး Army) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း  ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စာတည်း။  ။စောဖေ

ဗီဒီယိုအညွှန်း - ရွှေဘိုမြို့ ကညန ရုံးရှိ စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတိုက် ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly