မြန်မာစစ်သားတွေ ပြည်သူဘက်ရပ်ဖို့ အရှေ့တီမော သမ္မတတိုက်တွန်း

By မဇ္ဈိမ 
11 December 2023
မြန်မာစစ်သားတွေ ပြည်သူဘက်ရပ်ဖို့ အရှေ့တီမော သမ္မတတိုက်တွန်း

မြန်မာစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိ၊ စစ်သည်များအားလုံးလက်နက်ချပြီး ပြည်သူလူထုဘက်က ရပ်တည်ဖို့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြန်မာတပ်မတော်သားတွေကို ရည်ရွယ်ပြီး သီးသန့်ပြောကြားတဲ့ တီမောလက်စတေးသမ္မတရဲ့ မိန့်ခွန်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က စနေနေ့က ထုတ်ပြန်ခဲ့တာပါ။ 

ပြည်သူတွေထဲက မွေးဖွားလာတဲ့ တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်ကနေ ထွက်ခွာပြီး ပြည်သူတွေကို အကာအကွယ်ပေးရင်း သမိုင်းသစ်စိုက်ထူမယ့်လမ်းကို ရွေးချယ်ကြဖို့   တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေးရာမို့ဟောတာက  ဒီဇင်ဘာ ၈ ရက်မှာ  အမျိုးသားညီညွတ်ရေးအစိုးရရဲ့  PVTV ကနေ ဗွီဒီယိုမိန့်ခွန်းပြောကြားရာမှာ တိုက်တွန်းပြောကြားထားတာဖြစ်ပါတယ်။

လတ်တလော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်သားတွေ အလုံးအရင်းနဲ့ လက်နက်ချလာနေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။

အပစ်အခတ်ရပ်ဖို့ လက်နက်ချဖို့ လက်နက်တွေကို စစ်တန်းလျားမှာပဲ ပြန်ထားဖို့ အခွင့်အရေးကြီးရှိနေပြီး ပြည်သူတွေကို ထပ်ပြီး သတ်ဖြတ်ခြင်းမပြုဘဲ မြန်မာပြည်သူတွေအတွက် အရှေ့တောင်အာရှအတွက် အာရှသားတို့အတွက် နောက်ထပ် ဒီမိုကရေစီရရှိဖို့နဲ့ ဘဝအသစ်တခုရရှိဖို့ မြန်မာစစ်တပ်က ဗိုလ်မှူးများ၊ တပ်ကြပ်ကြီးများ၊ စစ်သားများ အနေဖြင့် နောက်ထပ်ကျည်တတောင့်မှ ထပ်မပစ်ရုံနဲ့ မြန်မာနိုင်ငံအတွက် တံခါးအသစ်တချပ်ကို ဖွင့်ပေးနိုင်ပါလိမ့်မယ် လို့ သမ္မတဟိုဆေးရာမို့စ်ဟော်တာက   သတင်းစကားပါးလိုက်ပါတယ်။

“သင်တို့ရဲ့လက်နက်တွေကို ပြည်သူတွေဆီ မချိန်ထားပါနဲ့။ သူတို့ဟာ သင်တို့ရဲ့ ပြည်သူတွေပါ။ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတစ်ခုက ကျူးကျော်ခံရတာ မဟုတ်ပါဘူး"လို့ သမ္မတ ရာမို့ဟောတာက ပြောသွားတာပါ။

နိုင်ငံတဝန်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ရဲတပ်ဖွဲနဲ့ စစ်သည် အရေအတွက် ၁၀၀၀၀ ကျော်အထိ ရှိနေတယ်လို့ NUG  ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေအပေါ် စစ်တပ်က ဖိနှိပ်သတ်ဖြတ်ခဲ့တဲ့ အခြေအနေတွေကြောင့် လက်ရှိ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပဋိပက္ခမှာ တပ်မတော်သားတွေအနေနဲ့ ပြည်သူနဲ့ အတူပူးပေါင်းဖို့ တီမောလက်စတေးသမ္မတက တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လူမဆန်တဲ့ နည်းလမ်းနဲ့ အကျဉ်းချထားတဲ့အပေါ် စစ်ကောင်စီကို သမ္မတရာမို့ ဟောတာက ရှုတ်ချခဲ့ပါတယ်။

 ဒါအပြင် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း မြန်မာနိုင်ငံရဲ့ အခြေအနေကို အာရုံစိုက်ပေးဖို့နဲ့ စစ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထားတဲ့ မဟာဗျူဟာမြောက် ပိတ်ဆို့အရေးယူဖို့လည်း သူ့ရဲ့မိန့်ခွန်းမှာ တောင်းဆိုသွားပါတယ်။

အရှေ့တီမောသမ္မတနိုင်ငံဟာ  မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ မြန်မာစစ်တပ်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာစင်မြင့်ထက်မှာ ကျယ်ကျယ်လောင် ပြောဆို တောင်းဆိုနေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက သူဟာ ၁၉၉၄ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ပြီး ကရင်ပြည်နယ်၊ မာနယ်ပလောမှာ နေထိုင်ခဲ့ကာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး သင်တန်းတွေ ပို့ချခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် သူဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ထဲထဲဝင်ဝင် နားလည်တဲ့သူဖြစ်တယ်လို့လည်း သမ္မတရာမို့ ဟောတာကပြောပါတယ်။

မကြာခင် ကူးပြောင်းတော့မယ့် ၂ဝ၂၄ ခုနှစ်မှာ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းတွေပြန်ရဖို့ ဝိုင်းဆုတောင်းပေးနေတယ်လို့လည်း သမ္မတ ဟိုဆေးရာမို့ဟော်တာကပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly