လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲရုံးကို ကရင်နီပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

By ဂျူချန်း(မဇ္ဈိမ)
10 December 2023
လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲရုံးကို ကရင်နီပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံမှ သိရသည်။

“လွိင်ကော်မြို့နယ် ပြည်နယ်ရဲစခန်းကို ကျနော်တို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခြေမှုန်းလိုက်ပြီ ဖြစ်ပါတယ်။ ပြည်နယ်ရဲရုံးပဲဖြစ်ပါတယ်။ ပြည်နယ်အစိုးရရုံးကိုတော့ မသိမ်းရသေးပါဘူး။ လေယာဉ်တွေ လည်း လာတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမသို့ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အတည်ပြုပြောကြားသည်။

လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲရုံးကို ဒီဇင်ဘာ ၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရ သည်။ စစ်ကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ လွိုင်ကော်ရှိ ပြည်နယ်ရဲရုံး တိုက်ခိုက်ခံရသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များသာ အထိအခိုက်များခဲ့ကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင်ထုတ်ပြန်သော်လည်း ပြည်နယ်ရုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထား ကြောင်းကို ကရင်နီဒုစစ်ဦးစီးချုပ် မာဝီက ၎င်း၏ လှုမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အစောပိုင်းတွင် စစ်ကောင်စီမှပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် လွိုင်ကော်မြို့၏တခုတည်းသောမြို့မဈေးဖြစ်သည့် “သီရိမင်္ဂလာဈေး” မီးလောင်ပြာ ကျသွားပြီး အထင်ကရနေရာတခုဖြစ်သည့် တောင်ကွဲစေတီလည်း လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ကရင်နီ သတင်းအချက်အလက်စင်တာ(KnIC) မှ ယနေ့ ထုတ်ပြန်ထားသည်။

ကရင်နီပြည်တွင် တော်လှန်ရေးပူးပေါင်းတပ်များက  ၁၁.၁၁ စစ်ဆင်ရေးကို ဆင်နွှဲနေပြီး တော်လှန်ရေး တပ်ဖွဲ့မှ စစ်ကောင်စီ၏ EPC ရုံး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် လွိုင်ကော် တက္ကသိုလ်တို့ ကိုတော်လှန်ရေးတပ်ဖွဲမှ သိမ်းယူထားကာ မြို့၏သုံးပုံနှစ်ပုံခန့်အထိနေရာယူထားနိုင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly