မြင်းခြံမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းအပါအဝင် နေရာ ၄ ခုအား ဒရုန်းဖြင့် တိုက်ခိုက်

By ဓါတု(မဇ္ဈိမ)
10 December 2023
မြင်းခြံမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းအပါအဝင် နေရာ ၄ ခုအား ဒရုန်းဖြင့် တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် အမှတ်(၂)ရဲစခန်းအပါအဝင် နေရာလေးခုအား တပြိုင် တည်း ဒရုန်းဖြင့်ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့(Myingyan District Drone Strike) အဖွဲ့မှ ယနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းကထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၉ ရက် နံနက် ၇ နာရီဝန်းကျင်က အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၂)ရဲစခန်း၊ အကျဥ်း ထောင်ဝန်ထမ်းအိမ်ရာနှင့် အမှတ်(၆)ပျူစောထီးအဖွဲ့နေအိမ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ စစ်ဆင် ရေးအောင်မြင်ခဲ့သော်လည်း ဒရုန်းလေးစင်းဆုံးရှုံးခဲ့ကြောင်း မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့(Myingyan District Drone Strike) မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ တမိနစ်အတွင်းလုပ်ဆောင်တာ ပွိုင့်လေးပွိုင့် ဒရုန်းလေးစင်းနဲ့ ဗုံးသီးလေးလုံး ကြဲချခဲ့တာ ထိခိုက်သေဆုံးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးဘူး။ ပစ်မှတ်တွေ ထိခိုက်မှုရှိပါတယ်ဗျ။ တိုက်ရိုက် ထိမှန်တယ်။ ရာသီဥတုကြောင့် မိုးတအားအုံ့နေတာ၊ မစ်ရှင်ကလည်း မဖြစ်မနေလုပ်ရမှာဆိုတော့ မစ်ရှင် ပြီးလို့ ကျွန်တော်တို့ဆီ ဒရုန်းပြန်အလာမှ ဘက်ထရီမော်တာ error ဖြစ်ပြီး လမ်းမှာ ပျက်ကျသွားတယ်” ဟု ၎င်းကပြောကြားသည်။

ပစ်မှတ်လေးခုအနက် အကျဥ်းထောင်ဝန်ထမ်းအိမ်ရာကို ခြောက်လှန့်သည့်သဘောဖြင့်သာ သတိပေးခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“ထောင်ဝန်ထမ်းအိမ်ရာတွေကိုတော့ သတိပေးတဲ့သဘောပါ။ ထောင်ထဲက နိုင်ကျဥ်းတွေကို အနိုင်ကျင့် ရင် ဒီထက်ဆိုးတဲ့လုပ်ဆောင်မှုတွေလာမယ်ဆိုတာကို ခြောက်လှန့်သတိပေးတာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ နေရာလေးနေရာ၌ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ပျူစောထီးအဖွဲ့များ အင်အားဖြန့်ကျက်ထားကာ တနေရာနှင့်တနေရာ လေးဖာလုံမှ တမိုင်ကျော်အထိဝေးသော်လည်း တချိန်တည်းတပြိုင်တည်း ဒရုန်း ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က အမှတ်(၂)ရဲစခန်းကတော့ ကွဲသံကြားလိုက်တယ်။ ဒရုန်းနဲ့ကြဲချတာ ဟုတ်တယ်။ ကျန်တဲ့နေရာ ကတော့ ကျွန်တော်တို့နားမဟုတ်တော့ သေချာမသိသေးဘူး” ဟု မြင်းခြံမြို့နယ် အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ်(၁၈၄၈) ဒရုန်းတပ်ဖွဲ့မှဦးဆောင်ပြီး Shar Htoo Waw (Team2) ၊ မြင်းခြံမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ မြင်းခြံ ခရိုင်တပ်ရင်း(၄)၊ အမေ့လက်ရုန်းအဖွဲ့၊ မိုရှေဒါယန်အဖွဲ့၊ နွေဦးစစ်သည်(ရေလယ်ကျွန်းဒေသစစ်ကြောင်း)၊ MHLG Wing မလှိုင်(ပကဖ)ဒရုန်း ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly