စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါ သောကား တိုက်ခိုက်ခံရ၍ စစ်ကြောင်းမှူးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Danger Force LPDF အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၈ ရက် နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ထူးရာရသေ့ကျောင်းမှ ထွက်လာသည့် စစ်ကောင်စီ တပ်သားများလိုက်ပါလာသော သံပြားကားနှစ်စီးကို အဆိုပါကျောင်းအကျော်မှစတင်ကာ ကမ်းဖြူကျေး ရွာအထိ လမ်းတလျှောက် မိုင်းပွိုင့် ၁၁ ပွိုင့်၊ မိုင်းအလုံး ၆၀ အသုံးပြုတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့ ဒရုန်းတာဝန်ခံက ပြောသည်။
“ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးကတည်းက စစ်ကောင်စီက လမ်းတလျှောက် သေနတ်တွေပစ်ပြီး လာတာ၊ အဲဒီကြားထဲ ကျနော်တို့တွေ ရအောင်မိုင်းဆွဲပြီး နှစ်နေရာကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့တာ။ စစ်ကြောင်းမှူးသေဆုံးမှုကိုတော့ မြို့နယ်ကင်းထောက်တွေနဲ့ တပ်တွင်းဖရဲသီးတွေရဲ့ သတင်းပေး ပို့မှုနဲ့ သိရတာ” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးသေဆုံးခဲ့ ကာ ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Danger Force _ LPDF အဖွဲ့ မှ ဒရုန်းတာဝန်ခံက ဆိုသည်။
ယင်းတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒရုန်းတစီးပျက်စီးဆုံးရှုံးခဲ့ကြောင်း Danger Force LPDF ဒရုန်းတာဝန်ခံက ပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းသည် အရာတော်မြို့အတွင်းသို့ ဝင်ရောက်သွားပြီးနောက် မြို့ အတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုကို Danger Force- LPDF နှင့်အတူ မုံရွာခရိုင်အထူးလှုပ်ရှားတပ်ဖွဲ့၊ မိုင်းမင်းသား မြေအောက် ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနီတပ်ဖွဲ့၊ ဒုံးပျံတပ်ဖွဲ့၊ သပြေညို ပြောက်ကျားတပ်ဖွဲ့နှင့် မုံရွာခရိုင်တပ်ရင်း (၂၇) DRA တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ