ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်လာသော မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦး ၂ လကျော်အထိ အလုပ်မရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
10 December 2023
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်လာသော မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦး ၂ လကျော်အထိ အလုပ်မရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ အုန်းနွဲ့အုန်းယိုင်တွင် မြန်မာနိုင်ငံမှ MoU စနစ်ဖြင့် ရောက်ရှိလာ သည့် ရွှေ့ပြောင်းလုပ်သား ၁၅ ဦးသည် အချိန် နှစ်လကျော်ကြာသည်အထိ အလုပ်မရသေးသည့်အတွက် အခက်ကြုံနေရသည်ဟု ရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သား ၁၅ ဦးသည် စမွတ်ဆာခွန်ခရိုင်၊ အုန်းနွဲ့အုန်းယိုင်ရှိ ဂျယ်လီစက်ရုံတရုံတွင် အလုပ်လုပ်ရန် ထိုင်းလိုင်စင်ရ ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီတခုဖြစ်သော ရွှေလမ်းဖွင့်နှင့် ချိတ် ဆက်ကာ လူတဦးလျင် ကျပ် ၂၉ သိန်းခွဲမှ ၃၅ သိန်းအထိ ဝန်ဆောင်ခပေး၍ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက် နေ့တွင် မြန်မာနိုင်ငံမှ ထွက်လာကာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြ၀တီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် ဝင်ရောက်ကာ ထိုင်းနိုင်ငံသို့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရောက်ရှိခဲ့ ခြင်း ဖြစ်သည်ဟု ယင်းရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။

“အခုချိန်အထိ အေဂျင်စီက အလုပ်မရှာပေးနိုင်ဘဲ အိမ်တလုံးငှာပေးပြီး ဆန်၊ ဆီနဲ့ ကြက်ဥတို့ကို နှစ်လ လောက် ထောက်ပံ့ပေးပြီး အလုပ်ရှာပေးမယ်ဆိုပြီး နေ့ရွှေ့ညရွှေ့ လုပ်နေတယ်”ဟု ရွှေ့ပြောင်းလုပ်သား တဦးဖြစ်သည့် မဝင်းမဝင်းက ပြောသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ရွှေလမ်းဖွင့်အေဂျင်စီက နှစ်လနီးပါးအထိ အလုပ်မရှိချိန်အတွင်း အိမ်ခန်း ငှားခနှင့် အစားအသောက် အချို့ကို စီစဉ်ပေးခဲ့သော်လည်း အချိန်နှစ်လ ကြာပြီးနောက် ကူညီပေးခြင်း မရှိတော့ဘဲ ကိုယ့်စားရိတ်နှင့်ကိုယ် ဝယ်စားနေရသည်ဟု ရွှေ့ပြောင်းလုပ်သားတဦးကပြောသည်။

“အေဂျင်စီဖက်က တာဝန်ယူမှု တာဝန်ခံမှုမရှိတာကြောင့် ညီမတို့ဖက်က အလုပ်သမားတွေကို စာချုပ်ပါ စည်းကမ်းအတိုင်း နစ်နာကြေးဖြစ်တဲ့ ၇၅ ရာခိုင်နှုန်း အပြည့်လျော်ပေးဖို့အတွက် ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့ကို လှမ်းကူညီ တောင်းခံထားတယ်”ဟု ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတဦးက ပြောသည်။

အလုပ်သမား ၁၅ ဦး ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ရွှေလမ်းဖွင့် (Shwe Lann Hpwint) အေဂျင်စီသို့ မဇ္ဈိမကဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ လက်တလော ထိုင်းနိုင်ငံ၌ အလုပ်ကိုင် ရှားပါးနေမှုကြောင့် သံရုံးနှင့် ချိတ်ဆက်ပြီး စီစဉ်နေကြောင်းပြောဆိုသည်။

“ကျွန်တော်တို့ လူ ၁၀၀ ကျော် ခေါ်လာတာရှိတယ်။ ကနဦး စာချုပ်ပါစက်ရုံမှာက လူမလိုသေးလို့ အလုပ် ရှာမပေးနိုင်တာပါ၊ အခု ကျန်နေသေးတဲ့ ၁၅ ဦးကို ပစ်ထားတာမျိုး မရှိပါဘူး၊ တတ်နိုင်သလောက်တော့ အလုပ်ရဖို့ စီစဉ်ပေးနေတယ်”ဟု ရွှေလမ်းဖွင့် အေဂျင်စီ၏ ထိုင်းဖက်ရှိ တာဝန်ခံက ပြောသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ အလုပ်သမားများက အလုပ်ဆင်းရန် အဆင်သင့် ဖြစ်နေပြီး အလုပ်ရှင်က အကြောင်းတစုံတရာကြောင့် အလုပ်မပေးနိုင်ပါက လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းအား အလုပ်ရှင်မှ ပေးချေရမည်ဟု ပြဌာန်းထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#MOU

#ရွှေ့ပြောင်းလုပ်သား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly